Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, June 18, 2008

ဖြစ်ပါတယ်

  • ဖရက်ဒ်။...။ သွားနှုတ်ခ ဘယ်လောက်ယူပါသလဲ။
  • သွားဆရာဝန်။...။ ၂၅ ဒေါ်လာပါ။
  • ဖရက်ဒ်။...။ ဟာဗျာ... ၅ စက္ကန့်လေက်ပဲ ကြာတဲ့ အချိန်ကို ၂၅ ဒေါ်လာယူရတယ်လို့။
  • သွားဆရာဝန်။...။ ခင်ဗျား နေသာမယ်ဆိုင်လည်း ကျုပ်... သွားကို ဖြည်းဖြည်းချင်းအချိန်ယူပြီး နှုတ်ပေးပါ့မယ်ဗျာ။

အပြည့်အစုံသို့ »

ဒါ့ထက်ဆိုးတယ်

  • လယ်သမား။...။လယ်ထွန်စက် အသစ်တစ်စီး ဝယ်ရမလား၊ နွားအသစ် တစ်ကောင်ပဲ ထပ်ဝယ်ရမလား၊ ကျုပ်မဆုံးဖြတ်နိုင်ဘူးဗျာ။
  • မိတ်ဆွေ။...။နွားမကို ခင်ဗျားစီးပြီးသွားရင်တော့ ခင်ဗျားကို ကြည့်ရတာ အတော် ကြောင်တောင်တောင် ဖြစ်နေမှာပဲ
  • လယ်သမား။...။ ဟုတ်တယ်။ ဒါပေမယ့် လယ်ထွန်စက်ကို ကျွန်တော် နို့ညှစ်ဖို့ လုပ်တာကမှ ပိုပြီး ကြောင်တောင်တောင် နိုင်နေဦးမှာ။

အပြည့်အစုံသို့ »

Sunday, June 1, 2008

အသိပေးစကားစုများ - (၂)

(၇)
ဝါသနာချင်း ညှိလို့ကတော့ ငြိကုန်မှာပဲ။
မညှိပဲ ညီတာက ပိုကောင်းတာပေါ့။
(၈)
ငယ်စဉ်က ပြုပြင်ပေးရင်
ကောင်းလာတတ်တယ်။
ကြီးလာရင် မလွယ်ဘူး၊
ကိုယ်ကပြင်ပေးချင်လွန်းတော့
အားလုံးကို ငယ်တယ်ပဲထင်တော့တာပေါ့။
(၉)
မျက်စိစွေနေသူကို
ကြည့်ရတာ တော်တော်ခက်မှာပဲလို့
အထင်နဲ့
တည့်အောင်လုပ်ပေးလို့မရပါဘူး၊
သူဟာနဲ့သူတော့
အဆင်ပြေနေတယ် ဆိုတာ
သိလိုက်စမ်းပါ။
(၁၀)
“ အရိပ်လို နေပူကစောင့်” တဲ့။
သွားလိုက်စမ်းပါမြန်မြန် !
အရိပ်ကိုလဲရောက်မယ်၊ နေပူလဲ မမိတော့ဘူး။
စောင့်မနေနဲ့။
(၁၁)
ကောင်းတယ်ထင်တာတွေ ရမ်းပြီးမလုပ်ပါနဲ့။
ကောင်းတာသေချာသိမှ လုပ်ပါ။
ကောင်းမှန်းသိဖို့ အရင်ကြိုးစားပါဦး။
(၁၂)
ချိန်ဆတတ်တာကောင်းပါတယ်။
ဒါပေမယ့် သူများနဲ့ကိုယ် ချိန်ရင် မာန၊
ကိုယ့်ကိုယ် ကိုယ်သာ ချိန်ဆရင် ပညာ။
နားလည်ပါစေ။
(၁၃)
ဘဝမြင့်ရင်
ဘဝင် မြင့်တတ်တယ်။
ဘဝပဲ မြင့်ပါစေ။
(၁၄)
မခံနိုင်စရာ ဆူညံသံကြောင့်
ကက်ဆက်ကို ရိုက်မခွဲပစ်ပါလိုက်ပါနဲ့။
တိတ်ခွေကိုသာ ပြောင်းလိုက်ပါ။
မခံနိုင်မဖြစ်တာ ပို ကောင်းတာပေါ့။
(၁၅)
အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို
အားကိုးလို့ ရနိုင်သလို
ပြဿနာကြောင့် ရရှိလာတဲ့
အသိဥာဏ်ကိုလဲ
အားကိုးနိုင်တယ်။
(၁၆)
ပညာရှိနေရင် စိတ်ရှင်းနေတယ်။
သမာဓိရှိနေရင် စိတ်ကြည်နေတယ်။
သတိရှိနေရင် စိတ်အေးနေတယ်။

အပြည့်အစုံသို့ »

Sunday, May 25, 2008

အသိပေးစကားစုများ

(၁)

ရယူထားနိုင်ရင် အရသာရှိတယ်တဲ့။
ပေးစွန့်လိုက်ရင်လည်း အရသာရှိတာပါပဲ။
အရသာချင်းတော့မတူပါဘူး။
(၂)

စိတ်မကောင်းရက်နဲ့ စားရင် စားမကောင်းဘူး
မပျော်ဘဲအိပ်ရင် အိပ်မပျော်ဘူး။
(၃)
လွတ်မကျစေနဲ့
လွတ်သွားရင် လိုက်ဖမ်းဖို့ မမှီတော့ဘူး။
လိုက်ဖမ်းနေရင်လည်း ဘယ်ဆင်းရဲမှ
မမှီအောင် ခံစားနေရမယ်။
(၄)
သူ့အတွက်ပါဆိုပြီး ငါ့ဖို့ ပါတတ်တယ်။
ငါ့အတွက်ပါဆိုပြီး သူ့ဖို့ပါတတ်တယ်။
ငါနဲ့သူ မျှရဲ့လား။
(၅)
စောင်းမပြောနဲ့
တည့်တည့်ပြော။
ရွဲ့မထိုင်နဲ့
တည့်တည့်ထိုင်၊
ကိုယ်နဲ့ကိုယ်
တည့်ပါစေ။
(၆)
မတူညီကြတဲ့ အထဲမှာ
တူညီတဲ့သဘောကို
မြင်အောင်
ကြည့်တတ်ပါစေ။

    အပြည့်အစုံသို့ »

    Thursday, April 17, 2008

    လောကနီတိ

    အခန်း (၅)
    ဣတ္ထိ ကဏ္ဍ

    ၈၂။ ဥဩငှက်တို့၏ အလှကား အသံ၊
    မိန်းမတို့၏ အလှကား လင်ယောက်ျားကို မြတ်နိုးခြင်း၊
    အရုပ်ဆိုးသူတို့၏ အလှကား အတတ်ပညာ၊
    ရသေ့၊ ရဟန်းတို့၏ အလှကား သည်းခံခြင်း ပေတည်း။

    ၈၃။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း၊
    ယောက်ျားတို့၏ ဥစ္စာကား အတတ်ပညာတည်း၊
    ရဟန်းတို့၏ ဥစ္စာကား သီလတည်း၊
    မင်းတို့၏ ဥစ္စာကား ရဲမက်ဗိုလ်ပါတည်း။

    ၈၄။ ရသေ့၊ ရဟန်းတို့သည် ကြုံလှီမှသာ တင့်တယ်၏။
    ခြေလေးချောင်းရှိသော သတ္တဝါတို့သည် ဆူဖြိုးမှသာ တင့်တယ်၏။
    ယောက်ျားတို့သည် အတတ်ပညာရှိမှသာ တင့်တယ်၏။
    မိန်းမတို့သည် လင်ယောက်ျားရှိမှသာ တင့်တယ်၏။

    ၈၅။ တတ်လှစွာသော စောင်းသမားသည် စောင်းနှင့် ငါးရက် ကင်းကွာမူ စောင်းတီးကွက် ပျက်တတ်၏။
    တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
    အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့် ဖောက်ပြားတတ်၏။
    တပည့်တို့သည်ကား ဆရာနှင့် လခွဲမျှကင်းကွာမူ ပညာရည် ပျက်တတ်၏။

    ၈၆။ ကျွဲသည် ညွန်၌သာ မွေ့လျော်၏။
    ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
    မိန်းမသည် ယောက်ျား၌သာ မွေ့လျော်၏။
    ရဟန်းသည် တရား၌သာ မွေ့လျော်၏။

    ၈၇။ ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
    မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
    စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှသာ ချီးမွမ်းရာ၏။
    ကောက်နှံစပါးကို ကျီသို့ ရောက်မှ ချီးမွမ်းရာ၏။

    ၈၈။ နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
    နှစ်ကျောင်း - သုံးကျောင်းပြောင်းသော ရဟန်း၊
    နှစ်ကြိမ် - သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသော ငှက်၊
    ဤသူတို့ကား မာယာများတတ်၏။

    ၈၉။ ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ် ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
    မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲ နေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
    မကောင်းသော မယားကို ငွေကြေးဥစ္စာ မအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
    အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။

    ၉၀။ လရောင်မှ ကင်းသော ညသည် မတင့်တယ်။
    လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
    ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
    လင်မှ ကင်းသော သတို့သမီးသည် မတင့်တယ်။

    ၉၁။ လင်ယောက်ျားသည် စည်းစိမ်ဥစ္စာကို ရှာဖွေ တိုးပွားစေရာ၏။
    မယားမူကား ရှာဖွေရရှိပြီးသော စည်းစိမ်ဥစ္စကို ကောင်းစွာစုဆောင်းသိုမှီး သုံးစွဲရာ၏။
    အပ်သွားရာ အပ်ချည်ပါရသကဲ့သို့ တည်း။

    ၉၂။ ခပ်သိမ်းသော မြစ်တို့သည် ကောက်ကွေ့မြဲ ဖြစ်၏။
    ခပ်သိမ်းသော တောတို့သည် သစ်ချည်းသာ ဖြစ်ကုန်၏။
    မိန်းမတို့သည်လည်း ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုကု ပြုမြဲတည်း။

    ၉၃။ ငြင်းခုံတတ်သည့် အလေ့ရှိသော၊
    ငြူစူစောင်းမြောင်း ပြောဆိုလေ့ရှိသော၊
    မြင်မြင်သမျှကို လိုချင်တတ်မက်လေ့ရှိသော၊
    များစွာချက်ပြုတ်၍ စားတတ်သော၊
    လင်ယောက်ျားမစားမီ အဦးအဖျားစားတတ်သော၊
    သူတစ်ပါး၏ အိမ်တှို သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင်
    ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏။

    ၉၄။ အကြင်မိန်းမသည်
    စားမှုဝတ်မှု တို့၌ မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊
    မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှု ကိစ္စတို့၌ နှမကဲ့သို့ လွန်စွာ ရှက်တတ်လျှင်၊
    လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်၊
    ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်၊
    အိပ်သောအခါ၌ မွေ့လျော်စေတတ်လျှင်၊
    ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊
    အမျက်ထွကသောအခါ၌ သည်းခံတတ်လျှင်၊
    မိန်းမမြတ်ဟု ဆိုအပ်၏။

    ၉၅။ ယောက်ျားဘဝကို ရလိုသောမိန်းမသည် မိမိ၏ လင်ယောက်ျားကို ကောင်းမွန်ရိုသေစွာ လုပ်ကျွေးပြုစုရာ၏။

    ၉၆။ ယောက်ျားအဖြစ်ကို ဘဝတိုင်းဘဝတိုင်းရလိုသော အမျိုးကောင်းသားသည် ဆေးပြီးသော ခြေကို ရွှံ့ညွှန်မှ ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး သားမယားအပေါ် ပြစ်မှားလွန်ကျူးခြင်းမှ ရှောင်ကြဉ်ရာ၏။

    ၉၇။ အရွယ်လွန် အိုမင်းမည် ဖြစ်သော ယောက်ျားသည် မိမိထက်အရွယ် ငယ်လွန်းသော မိန်းမကို မယားအဖြစ် ဆောင်ယူခြင်းမပြုအပ်။
    မိမိအပေါ် အလိုမပြည့်သည်၏ အဖြစ်ကြောင့် တစ်ပါးသော ယောက်ျားနှင့် လွန်ကျူးပျော်မွေ့မည်ကို အစဉ်အမြဲ စိုးရိမ်ကြောင့်ကြ ဝန်တို နေရတတ်၏။
    ထို့ကြောင့် အရွယ်ငယ်သော မိန်းမငယ်ကို ပေါင်းသင်းခြင်းသည် အရွယ်လွန်ကဲ သက်ကျားအိုအဖို့ ပျက်စီးခြင်း၏ အကြောင်းတည်း။

    =========== ဣတ္ထိ ကဏ္ဍ ပြီး၏။ ===========

    အပြည့်အစုံသို့ »

    Tuesday, April 15, 2008

    လောကနီတိ

    အခန်း (၄)
    မိတ္တ ကဏ္ဍ

    ၆၈။ အနာသည် မိမိကိုယ်၌ ဖြစ်လျက် မိမိအကျိုးကို မရွက်ဆောင်။
    ဆေးပင် ဆေးရွက်သည် တော၌ဖြစ်လျက် အကျိုးကို ဖြစ်စေနိုင်၏။

    ၆၉။ ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူ သူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။
    ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေ ရင်းချာပင် ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။

    ၇၀။ မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ် သကဲ့သို့ ရှောင်ကြဉ်ရာ၏။

    ၇၁။ ဥစ္စာစီးပွား ပျက်လျှင် မိတ်ဆွေ၊ သားမယား၊ ညီအစ်ကို မောင်နှမ များသည်ပင် စွန့်ခွာတတ်၏။
    ဥစ္စာရှိသူကိုသာ မှီခို ပေါင်းသင်း လိုကြ၏။
    လောက၌ စီးပွားဥစ္စာသည် ခင်ပွန်းကြီး ဖြစ်၏။

    ၇၂။ အခိုင်းအစေ ကောင်း မကောင်းကို စေခိုင်းကြည့်ခါမှ သိနိုင်၏။
    ဆွေမျိုး ကောင်းမကောင်းကို ဘေးဒုက္ခကျရောက်ခါမှ သိနိုင်၏။
    မိတ်ဆွေကောင်းမကောင်းကို ပစ္စည်း ဥစ္စာနည်းပါးဆုတ်ယုတ်ခါမှ သိနိုင်၏။
    မယားကောင်းမကောင်းကို စည်းစိမ်ကုန်ခါမှ သိနိုင်၏။

    ၇၃။ မိမိအကျိုးကို ရွက်ဆောင်သူသည် ဆွေမျိုးမည်၏။
    မိမိအား ကျွေးမွေး စောင့်ရှောက်သူသည် အမိအဖမည်၏။
    မိမိနှင့် ချစ်ကျွမ်းဝင် သူသည် အဆွေခင်ပွန်း မည်၏။
    လင်ယောက်ျား၏ စိတ်နှလုံးကို ငြိမ်းအေးစေသူသည် မယားမည်၏။

    ၇၄။ ရန်သူကို ဖြစ်စေ၊ မိတ်ဆွေကို ဖြစ်စေ အလွန်အမင်း အကျွမ်းမဝင်ရာ။
    မိတ်ဆွေပင် ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့် အပြစ်မှန်သမျှကို ထုတ်ဖော်ပြတတ်၏။

    ၇၅။ မီးကိုလည်း အကြွင်းမထားရာ၊
    ကြွေးမြီကိုလည်း အကြွင်းမထားရာ၊
    ရောဂါကိုလည်း အကြွင်းမထားရာ၊
    ထိုသည်တို့ကားအဖန်တလဲလဲ တိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။

    ၇၆။ မျက်နှာမူကား ပဒုမ္မာကြာ၊
    နှုတ်ထွက်စကားက စန္ဒကူးနံ့သာ၊
    စိတ်နှလုံးသားကား အဆိပ်ပမာ၊
    ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။

    ၇၇။ ရက်စက်ကြမ်းကြုတ်သော၊
    မနာလိုဝန်တိုသော၊
    မချီးမြှောက်မထောက်ပံ့တတ်သော၊
    ဖိနှိပ်ချုပ်ချယ်သော အရှင်သခင်မျိုးကို လုပ်ကျွေးမှီခိုခြင်း မပြုရာ။

    ၇၈။ ဦးချိုရှိသော သတ္တဝါကို အတောင် ငါးဆယ်အကွာအဝေးမှ ရှောင်ကွင်းရာ၏။
    မြင်းကို အတောင်တစ်ရာ အကွာအဝေးမှ ရှောင်ကွင်းရာ၏။
    အစွယ်ရှိသော ဆင်ကို အတောင်တစ်ထောင်အကွာအဝေးမှ ရှောင်ကွင်းရာ၏။
    လူဆိုးလူမိုက်ကိုကား နေရာအရပ်ကို စွန့်ခွာလျက် ရှောင်ကြဉ်ရာ၏။

    ၇၉။ မကောင်းသောအရပ်၊
    မကောင်းသော မိတ်ဆွေ၊
    မကောင်းသော အမျိုးအနွယ်၊
    မကောင်းသော ဆွေမျိုးခင်ပွန်း၊
    မကောင်းသော မယား၊
    မကောင်းသော ကျေးကျွန်၊
    ဤသူတို့ကို ဝေးစွာစွန့်ပစ်ရာ၏။

    ၈၀။ အကြင်အပေါင်းအဖော်သည် -
    ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း၊
    ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း၊
    ဥစ္စာစည်းစိမ် ဆုံးရှုံး ပျက်စီးသော အခါ၌ လည်းကောင်း၊
    ရန်သူဖမ်းဆီးခြင်းခံရသောအခါ၌ လည်းကောင်း၊
    တရားရုံး၌ အမှုကို ရင်ဆိုင်ရသော အခါ၌လည်းကောင်း၊
    နာရေးကိစ္စ ဈာပနနှင့် ကြုံရသော အခါ၌ လည်းကောင်း၊
    မိမိနှင့်အတူ ရပ်တည်ပေ၏၊ ထိုသူသည် အဆွေခင်ပွန်းကောင်း မည်၏။

    ၈၁။ ချိုချိုသာသာ စကားဆိုတတ်သူသည် မိတ်ဆွေ ပေါများ၏။
    ကြမ်းတမ်းရိုင်းပျစွာ စကားဆိုတတ်သူသည် မိတ်ဆွေ နည်းပါ၏။
    အေးမြသော လမင်းသည် ကြယ်တာရာ အခြံအရံ များစွာရှိသော်လည်း ပူပြင်းသော နေမင်းသည် အခြံအ့ရံ မရှိသည်ကို ပမာပြုရာ၏။

    =========== မိတ္တ ကဏ္ဍ ပြီး၏။ ===========

    အပြည့်အစုံသို့ »

    Sunday, April 13, 2008

    မှားတာ

    သူဌေးကြီး၏ အိမ်တွင် တယ်လီဖုန်း မြည်လာသည်။ စားဖိုမှူးက တယ်လီဖုန်းကို ကောက်ကိုင်သည်။

    “ သူဌေးမင်းလား ခင်ဗျာ ”

    “ ဟေ့ အခု ငါကလပ်ကနေ ဖုန်းဆက်နေတာ၊ ငါအိမ်ပြန် နောက်ကျမယ်လို့ ငါ့မိန်းမကို ပြောလိုက်စမ်း ”

    “ သူအိပ်ခန်းထဲ ဝင်သွားတာ ကြာပြီ၊ အိပ်ပျော်နေလောက်ပြီလို့ ထင်ပါတယ် ခင်ဗျား ”

    “ ကိစ္စမရှိဘူး၊ သွားသာ သွားပြောစမ်းပါ ”

    တယ်လီဖုန်းခွက်ထဲတွင် စားဖိုမှူး ထွက်သွားသံ ၊ ပြန်ရောက်လာသံများ ကြားနေရသည်။

    “ သူဌေးမင်းခင်ဗျား၊ သူဌေးမင် အမိန့်တော်ရှိတဲ့အတိုင်း ကျွန်တော် သွားပြီး အစီရင်ခံပါတယ်၊ အခန်းထဲကနေ သူဌေးမင်းရဲ့ အသံမျိုးနဲ့ “ထွက်သွား” လို့ ကျွန်တော့်ကို အော်ပါတယ် ခင်ဗျား ”

    “ ဟေ ဟုတ်လား၊ ဒါဆိုရင် သေနတ်ယူပြီး ငါ့မိန်းမနဲ့ အတူ အိပ်နေတဲ့ ငနဲကို ပစ်သတ်လိုက် ”

    တယ်လီဖုန်းခွက်ထဲတွင် သေနတ်ပစ်သံ၊ ပြေးလွှားသံများ ကြားရသည်။

    “ သူဌေးမင်း ခင်ဗျား၊ သူဌေးမင်းပြောတဲ့အတိုင်း ကျွန်တော် လုပ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီအမျိုးသားဟာ အိပ်ခန်းပြတင်းပေါက်ကို ခုန်ကျော်ပြီး အိမ်နား ပန်းခြံကတစ်ဆင့် ထွက်ပြေးသွားပါတယ် ခင်ဗျား ”

    “ ဟ၊ ငါ့ အိမ်နားမှာ ပန်းခြံမှ မရှိတာ ”

    “ အဲ့ဒါဆို လူကြီးမင်း ဖုန်းမှားဆက်တာ ဖြစ်ပါလိမ့်မယ် ခင်ဗျား ”

    အပြည့်အစုံသို့ »

    Saturday, April 12, 2008

    ဆုံးရှုံးနေတဲ့ခံစားခွင့်

    • မင်းကမှ နားရက်ရှိသေးတယ်။ ငါ့မှာနားရက်ကို မရှိပါဘူးကွာ။
    • ခင်ဗျားက ဘယ်မှာ လုပ်တာလဲ။
    • ဘယ်မှကို မလုပ်ရသေးလို့။

    အပြည့်အစုံသို့ »

    နော့်မောင်

    • အားလုံးမြင်ရရဲ့လားမောင်
    • အင်း
    • ဘေးကလက်တင်တဲ့ တန်းကောင်းရဲ့လား
    • ကောင်းပါတယ်
    • ထိုင်ရတာ အားလုံးအဆင်ပြေတယ်နော်
    • ပြေပါတယ်မေရဲ့
    • ဒါဆိုနေရာချင်းလဲထိုင်ရအောင်နော်

    အပြည့်အစုံသို့ »

    ညွန်ကြားချက်

    • ကိုယ်တွေ သိပ်အေးနေရင် ဘာလုပ်ရမလဲဆရာ။
    • ရေနွေးအိတ် ကပ်ပေးပါ။
    • ကိုယ်တွေသိပ်ပူနေရင်ကော။
    • ရေခဲအုပ်ပေးပေါ့။
    • ဒါဖြင့် နားပူနေရင်တော့ ဘာလုပ်ရမလဲ ဆရာ။
    • ခင်ဗျားမိန်းမနဲ့ ဝေးဝေးနေပါ။

    အပြည့်အစုံသို့ »

    Sunday, April 6, 2008

    လောကနီတိ

    အခန်း (၃)
    ဗာလ ဒုဇ္ဇန ကဏ္ဍ

    ၅၉။ သူယုတ်မာကို အချစ်မလွန်ရာ။
    သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။

    ၆၀။ မြွေသည် အမျက်လွန်၏။
    မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
    မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။

    ၆၁။ မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
    မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။


    ၆၂။ သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
    သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။

    ၆၃။ လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
    ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။

    ၆၄။ အိပ်မပျော်သောသူအတွက် ညဥ့်တာသည် ရှည်၏။
    အားအင်ကုန်ခန်း ခရီးပန်းသူအတွက် တစ်ယူဇနာ ခရီးအကွာသည် ရှည်ဝေး၏။
    သူတော်ကောင်းတရားကို မသိသော သူမိုက်တို့အတွက် သံသရာ ဝဋ်ဆင်းရဲသည် ရှည်၏။

    ၆၅။ စိတ်သဘောထား ယုတ်ညံ့သူသည် နှမ်းစေ့သဖွယ် သေးငယ်သော သူတစ်ပါး၏ အပြစ်ကို ရှုမြင်တတ်၏။
    အုန်းသီးအလား ကြီးမားသော ကိုယ့်အပြစ်ကိုမူ မရှုမြင်တတ်ချေ။

    ၆၆။ သူမိုက်တို့၏ ချီးမွမ်းခြင်းသည် ဒဏ်ခတ်သည် မည်၏။
    ပညာရှိတို့၏ ချီးမွမ်းခြင်းသည်သာလျှင် ကောင်းစွာ ချီးမွမ်းသည်ဟု ဆိုအပ်၏။

    ၆၇။ လိုချင်တတ်မက်သူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် လည်းကောင်း၊
    မာန်မာန ခက်ထန်သူကို နှိမ့်ချအရိုအသေပြုခြင်းဖြင့် လည်းကောင်း၊
    သူမိုက်ကို သူ့အလိုဆန္ဒလိုက်လျောခြင်းဖြင့်လည်းကောင်း၊
    ပညာရှိကို ဟုတ်တိုင်းမှန်ရာ ပြောဆိုခြင်းဖြင့်လည်းကောင်း ကိုယ့်ဘက်ပါအောင်ပြုရာ၏။

    ============ ဗာလဒုဇ္ဇနကဏ္ဍ ပြီး၏။ =============

    အပြည့်အစုံသို့ »

    Saturday, April 5, 2008

    သြော်

    ဆရာက ရှုခင်းတစ်ခုပုံ ဆွဲဖို့ပြောတော့ ကျောင်းသားတွေ အားလုံးဆွဲကြပေမယ့် တစ်ယောက်က မဆွဲဘူး။ အဲဒီ ကျောင်းသားနား သွားပြီး

    “မင်းကဘာလို့မဆွဲတာလဲ။”

    “ဆွဲပြီးပြီဆရာ၊ နွားတစ်ကောင် မြက်စားနေတဲ့ပုံ”

    “ဘယ်မှာလဲနွား။”

    “ရေသောက်ဖို့ ထွက်သွားပြီဆရာ။”

    “မြက်ကရော။”

    “နွားစားလို့ ကုန်သွားပြီ။”

    အပြည့်အစုံသို့ »

    Friday, April 4, 2008

    ကြော်ငြာအတွေး

    “ကွန်ပြူတာဆိုတာ ဝယ်လိုက်လို့ လက်ထဲရောက်ပြီးရင် အရှုံးပေါ်နေပြီလို့သာ မှတ်လိုက်တော့”တဲ့။
    ဤသည်မှာ ကွန်ပျူတာလောက၏ ဆိုရိုးစကားဖြစ်ပါသည်။ တကယ်ကိုလည်းမှန်ပါပေသည်။ ကွန်ပျူတာအဆင့် (၁) ကို တစ်သိန်းပေးပြီး ဝယ်လိုက်သည်ဆိုပါစို့။ ဘာမျှမကြာလိုက် အဆင့် (၂) ထွက်လာပါလေတော့သည်။ ဘာမျှမကြာလိုက် ဆိုတာကို ရှင်းပြလုက်ရပါဦးမည်။ တစ်ခါတရံ(၃) လလောက်ပဲ ကြာလိုက်သည်။ အလွန်ဆုံး (၆)လ လောက်ပဲ ကြာသည်ဟု ကျွန်တော်ထင်မိသည်။ ဈေးကလော့ တစ်သိန်းနှစ်သိန်းလောက် ဖြစ်ကောင်းဖြစ်မည်ပေါ့။ ဆိုလိုသည်က အဆင့်(၁) ပေါ်စကထက် နည်းနည်း သီသီကလေးပဲများသည်။ သို့သော် စွမ်းရည်ကတော့ မက်လောက်အောင် ပိုပြီး ထက်မြက်လာသည်။ ဒီအချိန်မှာ မိမိလက်ထဲ ရောက်နေသော ကွန်ပျူတာအဆင့် (၁) ကို ပြန်ရောင်းမည်ဆိုပါလျှင် ငါးသောင်းလောက်တောင် ပေးမည့်သူမရှိတော့။

    နောက်ထပ် သုံးလလောက်ရှိတော့ အဆင့်(၃) ထွက်လာပြန်လေတော့သည်။ ဈေးကတော့ တစ်သိန်းခွဲလောက် ဖြစ်ကောင်းဖြစ်မည်။ စွမ်းရည်ကလည်း ပိုလို့ ထက်လာပြန်တော့သည်။ အဆင့် (၂) ဝယ်ထားသူလည်း ရှုံးသွားပြန်ပါလေပြီ။ အဆင့်(၁) သမားကိုတော့ စကားထဲထည့်ပြောဖို့တောင် မလိုတော့ပြီ။ ဒီလိုနှင့် နောက်သုံးလေးလကြာပြန်တော့ အဆင့် (၄) က ထွက်လာလိုက်ပြန်သည်။ စွမ်းရည်ကလည်း ပိုလို့ကောင်းလာပြန်သည်။ ဈေးနှစ်သိန်းနီးပါး ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် တစ်သိန်းခွဲလောက်သာ ဖြစ်ကောင်းဖြစ်နေမည်။ ဒီလိုနှင့် အဆင့် (၅) ထွက်လာလိုက်တော့ စွမ်းရည်က ဝုန်းဝုန်းဒိုင်းဒိုင်း ပြောင်းလဲတိုးတက်သွားသည်။ ယခင်အဆင့်တွေနှင့် ဘာမျှမဆိုင်တော့။ ကွန်ပျူတာကိုယ်တိုင်က ပြောင်းလဲသွားသလို သူနှင့် တွဲဘက်ပစ္စည်းတွေကလည်း ပြောင်းလဲသွားသည်။ ထိုထိုသော အရံပစ္စည်းလေးတွေကို ရှေ့ပိုင်းက အဆင့်တစ်-နှစ်-သုံး-လေး ဆိုတာတွေက ကိုင်တွယ်နိုင်စွမ်းမရှိတော့ပြီ။ ဒီတော့ အဆင့် (၁) ကွန်ပျူတာကိုင်ထားသူက အဆင့်(၅)ကို တက်ဝယ်ရတော့မည်။ မဝယ်လို့လည်း မဖြစ်တော့ သူ့လက်ထဲက ကွန်ပျူတာ လက်နှိပ်စက် သာသာ လောက်ကိုပဲ ဖြစ်နေပြီကိုး။

    ဤသို့အားဖြင့် ကွန်ပျူတာလုပ်ငန်း လုပ်နေသူများမှာ မြစ်ကို အလျားလိုက် ကူးနေသကဲ့သို့ ဖြစ်နေတော့သည်။

    ဝင်ငွေလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြသော သူတို့အဖို့ အကြောင်းမဟုတ်။ ဝါသနာအရူးထသူများ အတွက်ကတော့ အဂ္ဂိရတ် ဝါသနာအိုးများကဲသို့ ဖြစ်နေလေတော့သည်။

    ဤသို့သောပညာရပ်သစ်များကို ဝါသနာရူးနေသူများမှာ လူမမြင်၊ သူမမြင် တစ်ပုံတစ်ပင်ကြီးရှိသည်။ ပညာရပ်ဆိုသည်ကလည်း ကွန်ပျူတာပညာတစ်မျိုးထဲမှ မဟုတ်ပါပဲကလား၊ ဓာတ်ပုံပညာ၊ ရုပ်ရှင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ စသည်…စသည်ဖြင့် ပညာရပ်တွေစုံလင်လှသည်။ ထို့ပြင် နောက်တစ်ခုတိုးလိုလိုက်သည်က ဘယ်ပညာမဆို ကွန်ပျူတာနှင့် ဆက်စပ် လာနေပြန်တော့သည်။ ဒီတော့ အဲဒီပညာတွေကို “ရှာပေဦးတော့ ထမင်းထုတ်ကြီးနဲ့ … လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်” ဆိုသော မြို့မဆရာငြိမ်း၏ သီချင်းကို ဟစ်လိုက်ရမလိုလိုဖြစ်လာလေတော့သည်။

    သူတို့နည်းတူ အသစ်အသစ်ထွင်သမျှနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေရရှာသော သူများလည်း ရှိနေသေးသည်။ သို့သော် သူတို့လိုက်နေကြသည်က အသိပညာလမ်း၊ အတတ်ပညာလမ်းမဟုတ်၊ စက္ကန့်မလပ် တရစပ်အသစ် အသစ်တွေ တိုးနေသော လူသုံးပစ္စည်းများနောက်သို့သာဖြစ်သည်။ အထူးသဖြင့် အဝတ်အစား စသော အသုံးအဆောင်များနောက်သို့ အငမ်းမရလိုက်နေကြသည်။ မိန်းကလေးများက ပိုလို့ တပ်မက်ကြသည်ကိုလည်း အထူးပြောစရာမရှိတော့။ထွက်လိုက်သည့် လစဉ်ထုတ်၊ အပတ်စဉ်ထုတ်စာစောင်များကို လှန်ကြည့်လိုက်လျှင်လည်း ကြော်ငြာက တစ်ဝက်ကျော်လိမ့်ဦးမည်။ တစ်ချို့စာစောင်များကတော့ ကြော်ငြာသက်သက်မျှသာဖြစ်သည်။ ထိုကြော်ငြာများကို ကြည့်လိုက်လျှင်လည်း မိန်းကလေး အလှပြင်အသုံးအဆောင်များက ထက်ဝက်ကျော်ကျော် နေရာယူထားသည်ကို တွေ့ရမည်ဖြစ်သည်။ အမှတ်မထင် စတိုးဆိုင်ကြီးတွေကို ရောက်သွားလိုက်လို့ ထိုထိုသော ပစ္စည်းများ၏ ဈေးနှုန်းကို လှန်ကြည့်လိုက်လျှင် ကြောက်ခမန်းလန့်ခမန်းဟု ဆိုလောက်သည်။ ဒါက ကျွန်တော်တို့လို သာမန်ဝင်ငွေသမားများအတွက် ပြောလိုက်မိခြင်းပါ။ မတရားချမ်းသာသူများကတော့ ကလေး မုန့်ဖိုးလောက်သာ ဖြစ်ကောင်းဖြစ်နေမည်ပေါ့။

    ဒီလိုအဖိုးတန် လူသုံးကုန် အလှကုန်ပစ္စသည်းတွေကို မိန်းကလေးတွေ သုံးစွဲချင်လာအောင်လည်း ကြော်ငြာလိုက်ကြရသေးသည်။ ထိုထိုသော အဝတ်အစားတွေကို ဝတ်ပြလိုက်၊ ပြုံးပြလိုက် ကိုယ်ဟန်ပြလိုက် လုပ်ရသော ကိုယ်ဟန်ပြလုပ်ငန်းသည်ပင် လူငယ်လူရွယ်တို့ တမက်မောမော ဖြစ်နေသော လုပ်ငန်းကြီး ဖြစ်နေပါလေပြီ။ ကုန်စည်ဟူသမျှ၏ အသက်သည်လည်း ကြော်ငြာပေါ်တွင် တည်လာလေပြီလားမသိ၊ ကျားဝတ်လုံချည် ကြော်ငြာများကိုပင်လျှင် မျက်စိနောက်အောင်မြင်နေပြီး၊ နားညည်းအောင်ကြားနေရသည်။ သည်လိုကြော်ငြာများကိုလည်း အလကားကြော်ငြာချင်လို့ ရနိုင်သည်မဟုတ်၊ ငွေပင်ငွေရင်း သောက်သောက်လဲ အကုန်ခံနိုင်မှ ကြော်ငြာကောင်းကောင်း ဖြစ်နိုင်သည်။ သည်စရိတ်တွေကို ကုန်စည်ပေါ်တင်လိုက်ပြန်တော့ ဝယ်သူက ကြော်ငြာခကိုပါ ပေးလိုက်ရသည့် သဘော ဖြစ်လာပြန်တော့သည်။ သို့သော် မတတ်နိုင်ကြတော့ပြီ။ ဒီလိုသံသရာကြီးထဲတွင် လည်လာမိခဲ့လေပြီ ဖြစ်သောကြောင့် ပြန်ထွက်ချင်လို့ မရနိုင်တော့ပြီ။

    အထည်စက်ရုံတွေကလည်း တစ်မျိုးပြီး တစ်မျိုးမရိုးနိုင်အောင် အထည်စ အဝတ်စတွေ ထုတ်ရပေလိမ့်မည်။ နောက်တစ်ဆင့် အဆင်ဆန်းဆန်းတွေကို ဒီဇိုင်းထုတ်ရဦးမည်။ နောက်ပြီးတော့ အင်္ကျီပုံဆန်းဆန်းလေးတွေ ထွင်ရဦးမည်။ နောက်ပြီးတော့ မိန်းကလေး ချောချောလှလှတွေကို အဝတ်ခိုင်းပြီး ကြော်ငြာအမျိုးမျိုးကို လုပ်ရဦးမည်။ သည်တော့မှ ကုန်ပစ္စည်းအရောင်းရတွင်ကျယ်မည် မဟုတ်ပါလား။ ထိုကဲ့သို့မှ မရောင်းရလျှင် စက်ရုံကြီးများကို ပိတ်ပစ်လိုက်ဖို့သာ ရှိတော့သည် မဟုတ်ပါလား။ အလုပ်လက်မဲ့တွေပေါ်လာပေဦးတော့မည်။ စာဖတ်သူတစ်ခုစဉ်းစားကြည်စေချင်ပါသည်။ ယခုခေတ်ပေါ်လာသော အဝတ်စ အထည်စများသည် ရှေးခေတ်က သာမန်ချည်ထည် ပိုးထည်များကဲ့သို့မဟုတ်၊ အလွန်ကို ခိုင်ခံ့သည်။ တက်ထရက်လို အစများဆိုလျှင် အမြင်ကတ်လောက်အောင် ခိုင်မာသောကြောင့် မုန်းနေအောင်ကို ဝတ်ရသည်။ ထိုသို့သော အဝတ်စမျိုးကို ၅ စုံလောက်ချုပ်ထားလိုက်မည် ဆိုလျှင် အနည်းဆုံး ၂ နှစ်လောက် နောက်ထပ်မဝယ်ဘဲ ဝတ်နိုင်လောက်မည်ဟု ထင်မိသည်။ သို့သော ထိုကဲ့သို့ ၂နှစ်လောက်မဝယ်ဘဲ နေလိုက်ကြလျှင် ထိုစက်ရုံကြီးများကို ပိတ်ပစ်လိုက်ရတော့မည်သာဖြစ်သည်။ ဒီတော့ သူတို့စက်ရုံတွေကလည်း ကိုယ့်မှာ အဝတ်အစားတွေရှိပါလျက်နှင့် ထပ်ကာထပ်ကာ ဝယ်ချင်နေအောင် နည်းအမျိုးမျိုးဖြားယောင်းကြရသည်သာ။ သူတို့က ဖြားယောင်းလိုက်ကြတော့ ကျွန်တော်တို့ကလည်း ကောက်ကောက်ပါအောင် လိုက်သွားကြတော့သည်သာ။ ဤသို့ဖြင့် အလုပ်သမားတွေက တကယ်မလိုအပ်သော ပစ္စည်းတွေကို ဆက်လက်ထုတ်လုပ်နေကြရပြန်သည်။

    အိမ်တစ်အိမ်၊ မိသားစုတစ်ခုတွင် သမီးတစ်ယောက်က အဝတ်အစားတွေ တစ်ပုံကြီးရှိနေပါလျက် အသစ်ပေါ်တ်ုင်း ဝယ်ချင်နေလျှင် အဝတ်အစားလော်လီသည်ဟု ဆိုကြသည် မဟုတ်လား၊ (ကျွန်တော့်ကို အတွေးခေါင်သည်ဟု ဆိုချင်လျှင်လည်း ဆိုကြပါတော့။) ကျွန်တော်လို့ လူသားများသည် အဝတ်အစားမှစ၍ အဘက်ဘက်တွင် လော်လီနေကြပြီဟု ထင်နေမိသည်။ မလိုအပ်သော ဖြုန်းတီးမှုတွေကို အတော်ကြီးလုပ်နေကြသည်ဟု ထင်မိပါသည်။

    ကျွန်တော် မကြာခဏ သိရနေမိတာလေးတစ်ခုကို ပြောလိုက်ရပါဦးမည်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀) လောက်က ဂျာမန်ကျောင်းသားတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့ဖူးသည်။ တစ်နေ့တွင် ဘတ်စ်ကားစီးပြီးသွားကြတော့ သူက ဘတ်စ်ကားဒရိုင်ဘာ၏ လက်ကို မျက်စိမခွာနိုင်အောင် တအံ့အသြ ကြည့်နေသည်။ ကားက ဗွီအိတ်လို့ခေါ်ကြသည့် စစ်သုံးခေါင်းတို ကားကြီးဖြစ်သည်။ စာဖတ်သူတို့လည်း သတိထားမိပါလိမ့်မည်။ ဂီယာထိုးလိုက်လျှင် ဂီထာပြန်ပြုတ်တတ်သောကြောင့် ပျဉ်စကလေးနှင့် ထောက်ထားရသည်။ ဂီယာပြောင်းချင်လျှင်လည်း ထိုပျဉ်ချပ်ကလေးကို လက်နှင့် ဆွဲဖြုတ် ဂီယာပြောင်း ၊ ဒါတွေကို မျက်စေ့ဖြင့် ကြည့်နေသည်မဟုတ်၊ လက်က အလိုလို ကျွမ်းကျင်စွာပြုလုပ်နေသည်ဆိုတော့ ဇာထိုးကျွမ်းသော မိန်းကလေးတစ်ယောက်လက်ကို ကြည့်နေရဘိသကဲ့သို့ သူက အံ့သြနေဟန်ရှိသည်။

    ကားပေါ်ကဆင်းလာတော့ သူက

    “မင်းတို့မြန်မာ ဒရိုင်ဘာတွေဟာ သိပ်တော်ကြတာပဲ”
    “မင်းက ဂီယာထိုးလိုက်၊ ပျဉ်ချပ်နဲ့ ကျွမ်းကျင်စွာထောက်ထားလိုက် လုပ်နေတာကို သဘောကျတာလား”
    “အေး - အဲ့ဒါလဲပါတယ်။ ဒီထက်ပိုပြီး အံ့သြတာက၊ သိပ်ပြီးသည်းခံ စိတ်ရှည်တာပဲ”
    “ဟုတ်လား… ဘယ်လိုစိတ်ရှည်တာလဲ”
    “ဒီလိုဖြစ်နေတဲ့ ဂီယာကို စိတ်ရှည်လက်ရှည် သည်းခံပြီး သုံးနေတာကို ပြောတာ”

    ကျွန်တော့်အဖို့တော့ ဒီလိုမြင်ကွင်းမှာ ဆန်းလှသည်မဟုတ်၊ သို့သော်သူ့အဖို့ဆန်းကောင်း ဆန်းနေပေလိမ့်မည် ဟု အောက်မေ့လိုက်ပါသည်။ သို့သော် သူက တွေးတွေးဆဆ ဆက်ပြောပါသည်။

    “ငါတို့တိုင်းပြည်က ကားသမားတွေဟာ ဘယ်တော့မှ ဒီလောက်သည်းမခံဘူး၊ စိတ်မရှည်ဘူး၊ နည်းနည်းလောက် ကလေး ချွတ်ယွင်းသွားလိုက်ရင်၊ အသံကလေးမြည်လာလိုက်ရင် မမောင်းချင်တော့ဘူး။ အင်ဂျင်အသစ်၊ ပစ္စည်းအသစ်ကို ကောက်တပ်လိုက်တော့တာပဲ။ တကယ်လို့မင်းတို့လို တိုင်းပြည်က ကားသမားတွေလိုသာ စိတ်ရှည်သည်းခံလိုက်မယ်ဆိုရင် မင်းစဉ်းစားကြည့်၊ ငါတို့ ဗောက်စ်ဝက်ဂွန်တွေ ပြည်ပကို ဘယ်လောက်များပိုပြီး ပို့လိုက်နိုင်မလဲ။ ဒီလိုဆိုရင် ပြည်တွင်းချွေတာမှုကြောင့် ငါတို့တိုင်းပြည် ဘယ်လောက်ပိုပြီး ချမ်းသာလိုက်မလဲ။ ဘာဘဲပြောပြော မင်းတို့တိုင်းပြည်က ကားသမားတွေလို စိတ်ရှည်သည်းခံတာကို တကယ်ကို ချီးကျူးဖို့ကောင်းလိုက်တာ အမှန်ပါပဲ”

    ကိုင်း- စဉ်းစားသာကြည့်ပါတော့၊ ကျွန်တော်က ဒီလိုအမြင်မျိုး ဘယ်လိုလုပ်ပြီ ရနိုင်ပါမည်နည်း။ တစ်ခါမျှ ငွေရေး ကြေးရေး၊ စီးပွားရေးကို စိတ်မဝင်စားခဲ့လေတော့ ဒီလိုအတွေမျိုးကို ယောင်လို့တောင် မတွေးမိစဖူး။

    သို့သော်လည်း သူ့ကျေးဇူးကြီးပါပေသည်။ ယခုတော့ဖြင့် ကျွန်တော်လို့ ကမ္ဘာသူကမ္ဘာသားတေါ လုပ်နေတာအဟုတ်မှ ဟုတ်ကြပါလေရဲ့လားဟု စဉ်းစားမိနေတော့သည်။ (ကျွန်တော် အတွေးခေါင်နေလျှင် သည်းခံပါဟု အစောကြီးက စကားခံထားခဲ့သည်ကို သတိရစေချင်ပါသည်)ကျွန်တော်တို့အားလုံး အဘက်ဘက်တွင် လော်လီနေမိကြပြီဟု ထင်ပါသည်။ မလိုတာတွေကို အကျယ်ချဲ့ပြီး အလုပ်ကြီးတစ်ခု လုပ်နေကြတာ များလွန်းနေပြီဟု ကျွန်တော်ထင်နေမိသည်။ ကမ္ဘာမြေကြီးက ထုတ်ဖော်ပေးလိုက်သည့် ပစ္စည်းတွေကို အလွဲသုံးစားလုပ်လွန်းတာများနေပြီး၊ အသုံးအစွဲ လော်လီလွန်းနေပြီဟု ကျွန်တော် ထင်နေမိသည်။ ထို့ပြင်လူတို့၏ လုပ်အား စွမ်းရည်ကိုလည်း အရေးမပါသည့် နေရာတို့တွင် သုံးနေကြသည်မှာ တရားလွန်လာနေပြီဟု ထင်မိသည်။ သားသမီးများ မဟုတ်သည့်နေရာတွင် လော်လီများလတ်သော် မိဘက အပြစ်ပေးဒဏ်ခတ် ဆုံးမသကဲ့သို့ သဘာဝကြီးက တစ်နည်းနည်း ဒဏ်ခတ်တော့မည်ဟု ကျွန်တော်ထင်နေမိသည်။ လာမည့်မကြာမီသောကာလတွင် ကျွန်တော်တို့လူသားတွေသည် သဘာဝပစ္စည်းတွေ အလဟဿမဖြစ်ရေး၊ လူတို့စွမ်းရည် လုပ်အား မဖြုန်းတီးရေး စသည့်တို့ကို ဝိုင်းဝန်းစဉ်းစားကြရသော အခြေအနေသို့ ရောက်လာကြတော့မည်ဟု ထင်သည်။

    ရေးနေရင်း ရှက်လည်းရှက်ပါရဲ့၊ ရေးသာရေးနေရသည် ဆင်ခေါင်းခွေးချီသလို ဖြစ်နေကြောင်း ကျွန်တော်သိနေပါသည်။ သို့သော် ထိုထိုသော လူသူံးအပိုပစ္စည်း ကြော်ငြာတွေကို တွေ့လိုက်တိုင်း ဒီအတွေးက တားမရ ဆီးမရ ပေါ်ပေါက်လာနေတတ်သောကြောင့် ရေးလိုက်ရခြင်းဖြစ်ပါသည်။

    တခြား လူသားပြဿနာတွေ၊ ကမ္ဘာပြဿနာတွေကို ပညာကြီးသူများက စဉ်းစားကြလိမ့်မည်။ ကျွန်တော်တို့လက်ငင်း စဉ်းစားကြသင့်သည်ကတော့ ကြော်ငြာတွေကောင်းတိုင်း၊ ပစ္စည်းလှတိုင်း အပိုပစ္စည်းတွေကို တရစပ်ဝယ်ရန် ကြိုးစားနေလျှင်တော့ ပိုက်ဆံရှာလို့ကို လောက်နိုင်မည်မဟုတ်။ မလောက်နိုင်တော့ မဟုတ်တမ်းတရားနည်းနှင့် ရှာလာမိကြလိမ့်မည်။ ထိုသို့ ဖြစ်လာလိုက်လျှင်တော့ အဝတ်အစားက တောက်ပြောင်ပါ၏။ အတွင်းစရိုက်က မှောင်မည်းမွဲတေနေလေပြီ။ မိတ်ကပ် ပေါင်ဒါတွေက မွှေးပါ၏။ အတွင်းစရိုက်က ပုပ်အဲ့နေလေပြီ။ အထူးသဖြင့် အလှမက်သော လုလင်များ လုံမငယ်များသည် ကြော်ငြာအန္တရာယ်ကို သတိကြီးစွာ ထားနိုင်ကြပါစေသတည်းဟု ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

    (ဝန်ခံချက်။ ။ ဆရာအောင်သင်း ရေးသားသော အနာဂတ်ကိုမကြောက်နဲ့ အမည်ရှိစာအုပ်မှ ထုတ်နှုတ်၍ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။)

    အပြည့်အစုံသို့ »

    Tuesday, April 1, 2008

    လောကနီတိ (၂)

    အခန်း (၂)
    သုဇန ကဏ္ဍ

    ၃၃။ သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏။
    သူတော်ကောင်း တရားကို သိရ၍ မြင့်မြတ်၏။

    ၃၄။ သူယုတ်မာတို့နှင့် ပေါင်းဖက်ခြင်းကို စွန့်လွှတ်လော့၊
    သူတော်ကောင်း ပေါင်းဖက်အပ်သူကိုသာ ဆည်းကပ်လော့၊
    ကုသိုလ်ကောင်းမှုကို အစဉ်အမြဲပြုလော့၊
    မမြဲသောအဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲအောက်မေ့ဆင်ခြင်လော့။

    ၃၅။ သူယုတ်မာတို့သည် ရေသဖန်းသီးမှည့်နှင့်တူ၏။ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏။

    ၃၆။ ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
    သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင် ဖြစ်၏။

    ၃၇။ စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
    ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
    ကြံသည် ကြိတ်စက်သို့သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့်။
    ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။

    ၃၈။ ခြင်္သေ့တို့ မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား။
    ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။

    ၃၉။ မြင့်မြတ်သောမျိုးနွယ်ကို စောင့်သူသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း ယုတ်ညံ့သော အမှုကိုမပြု။

    ၄၀။ စန္ဒကူးနံ့သာသည် ချမ်းမြေ့၏။
    ထို့ထက် လရောင်ကပို၍ ချမ်းမြေ့၏။
    စန္ဒကူးနှင့် လရောင်တို့ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းစကားက ပို၍ ချမ်းမြေ့၏။

    ၄၁။ အနောက်က နေထွက်ရာ၏။
    မြင်းမိုရ်တောင် ယိုင်ညွတ်ရာ၏။
    ငရဲမီးအေးရာ၏။
    တောင်ထိပ်၌ ကြာပွင့်ရာ၏။
    သူတော်ကောင်း စကားသည်ကား တစ်ရံတစ်ဆစ်မျှ မဖောက်ပြန်ရာ။

    ၄၂။ သစ်ပင်၏ အရိပ်သည် အေးချမ်း၏။
    ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍အေးချမ်း။
    ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏။
    ထိုထက် မြတ်စွာဘုရားအရိပ်က အဆများစွာသာလွန် အေးချမ်း၏။

    ၄၃။ ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။
    သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။
    ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏။
    သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏။

    ၄၄။ အမိအဘတို့၏ အဆုံးအမကို မရမူ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်း၏။
    အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာ ယဉ်ကျေး၏။

    ၄၅။ စစ်မြေပြင်အရပ်၌ ရဲရင့်သောသူကို အလိုရှိ၏။
    လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
    စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
    ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။

    ၄၆။ သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲခြင်းကိုပြုလို၏။

    ၄၇။ အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလိုပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။

    ၄၈။ အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏။
    သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။
    ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏။

    ၄၉။ ကျဉ်းမြောင်း၍ မစင်အတိပြီးသောနေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
    ထိုထက် မချစ်မနှစ်သက်သောသူနှင့် အတူတကွ နေရခြင်းသည် ပို၍ ဆင်းရဲ၏။
    ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့် နေရခြင်းက ပို၍ ဆင်းရဲ၏။

    ၅၀။ ဆုံးမသင့်သည်ကို အမြဲဆိုဆုံးမရာ၏။
    ယုတ်မာသောအကျင့်ကိုလည်း တားမြစ်ရာ၏။
    ထိုသို့ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြ၏။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။

    ၅၁။ မိမိထက် မြတ်သောသူကို မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် လည်းကောင်း၊
    ရဲရင့်သောသူကို သင်းကွဲခြင်းဖြင့်လည်းကောင်း၊
    မိမိအောက်နိမ့်သောသူကို ပေးကမ်းခြင်းဖြင့်လည်းကောင်း၊
    မိမိနှင့်တန်းတူသူကို မိမိက လုံ့လပြုအားထုတ်ခြင်းဖြင့်လည်းကောင်း အောင်မြင်ရာ၏။

    ၅၂။ သံဃာပိုင် (သံဃိက) ပစ္စည်းကို အလွဲသုံးစားပြုခြင်းသည် အဆိပ်ကိုသောက်သုံးခြင်းထက် ဆိုး၏။
    အဆိပ်သည် တစ်ကြိမ်တစ်သက်ကိုသာ သတ်သော်လည်း သံဃာ့ပစ္စည်းကို အလွဲသုံးစားပြုမှားမူ ဘဝ အဆက်ဆက် ပျက်စီးရချေ၏။

    ၅၃။ လျင်မြန်ခြင်းဖြင့် မြင်း၏ ကျေးဇူးကို သိရာ၏။
    ဝန်ကို ဆောင်ရွက်ခြင်းဖြင့် နွား၏ ကျေးဇူးကို သိရာ၏။
    နို့ရည်ရသဖြင့် နွားမ၏ ကျေးဇူးကိုသိရာ၏။
    ကြံစည်လျှို့ဝှက်ရာအမှုကိစ္စ တို့၌ ဖြေကြားပြောဆိုနိုင်ခြင်းဖြင့် ပညာရှိ၏ ကျေးဇူးကိုသိရာ၏။

    ၅၄။ သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှထွက်သောရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏။
    မသူတော်တို့၏ ဥစ္စာသည် များပင်များငြားသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခိုရာမရနိုင်။

    ၅၅။ မြစ်တို့သည် ရေကို မသောက်ကုန်။
    သစ်ပင်တို့သည် အသီးကို မစားကုန်။
    သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့၏ အကျိုးအတွက်သာ ဖြစ်၏။

    ၅၆။ မတောင့်တအပ်သည်ကို မတောင့်တရာ။
    မကြံစည်အပ်သည်ကို မကြံစည်ရာ။
    တရားသဖြင့်သာလျှင် ကောင်းစွာကြံစည်ရာ၏။
    အချိန်ကို အချည်းနှီး အလဟဿ မကုန်ဆုံးစေရာ။

    ၅၇။ မကြံစည်ဘဲလျက်လည်း ဖြစ်တတ်၏။
    ကြံရွယ်ထားလျက်လည်း ပျက်တတ်၏။
    ဥစ္စာစည်းစိမ်ဟူသည် ကြံစည်ကြိုးစားတိုင်း မရနိုင်။

    ၅၈။ သူယုတ်မာအား ချစ်ခြင်း၊
    သူတော်ကောင်းအား မနှစ်သက်ခြင်း၊
    သူယုတ်မာတို့၏ တရား၌ နှစ်လိုခြင်း၊
    ဤသည်တို့ကား ပျက်စီးမည့် အကြောင်းတည်း။


    =========== သုဇနကဏ္ဍပြီး၏။ ===========

    အပြည့်အစုံသို့ »

    ဥပုသ်သီလ ဆောက်တည်ခြင်း အဓိပ္ပာယ်

    ကျွန်တော်တို့မြန်မာလူမျိုးများ အခါကြီးရက်ကြီးများမှာ ဥပုသ်သီလ ဆောက်တည်လေ့ ရှိကြပါတယ်။ ဥပုသ်နဲ့ပတ်သတ်လို့ကတော့ အသေးစိတ် လေ့လာကြတာတော့ နည်းပါတယ်။ “ ဒီနေ့ ငါဥပုသ်စောင့်ထားတယ် ဆိုရင် အော် ဒီည ညစာစားလို့မရတော့ဘူး ” လို့ပဲ အတွေးတွေရှိတတ်ကြပါတယ်။ အခုအောက်မှာ ဖော်ပြထားတဲ့ ဥပုသ်နဲ့ ပတ်သတ်လို့ ရေးသားထားတာလေးကို ဖတ်ရှုမိလို့ သိမှတ်စရာအဖြစ် ပြန်လည် ရေးသား ဖော်ပြလိုက်ပါတယ်။

    ဥပုသ်

    ဥပုသ်ဆိုတာ ဥပေါသထဆိုတဲ့ ပါဠိမှလာတာပါ။(ဥပ + ဝသထ)

    ဥပ = ကောင်းမြတ်တဲ့ အကျင့်များနှင့် ပြည့်စုံ၍ ။ ထဝသ = နေထိုင်ခြင်း။

    အကျင့်ကောင်းများနဲ့ ပြည့်စုံစွာနေထိုင်တာကို “ ဥပုသ် ” လို့ခေါ်ပါတယ်။

    သူ့အသက်မသတ်ခြင်း၊ ညစာမစားခြင်း စတဲ့ ရှစ်ပါးသီလကို ခံယူဆောက်တည်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်များကို အာရုံပြုကာ အကုသိုလ်စိတ်တွေ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်း နေထိုင်တာကို “ ဥပုသ်စောင့်တယ် ” လို့ ခေါ်ပါတယ်။

    ဥပုသ်စောင့်ပြီး ဘုရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ ဘုရားအာရုံပြု ကြည်ညိုနေရင် “ ဗြဟ္မဥပုသ် ” လို့ခေါ်ပါတယ်။ တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြု ကြည်ညိုနေရင် “ ဓမ္မဥပုသ် ” လို့ခေါ်ပါတယ်။ သံဃာဂုဏ်တော်တွေကို ရွတ်ဖတ်ပွားများ အာရုံပြု ကြည်ညိုတယ်နေရင် “ သံဃာဥပုသ် ” လို့ခေါ်ပါတယ်။

    မိမိသီလစင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလကို ဝမ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “ သီလဥပုသ် ” လို့ခေါ်ပါတယ်။ မိမိနဲ့ နတ်ပြည် ခြောက်ထပ်က နတ်တွေ သဒ္ဓါ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး မိမိကိုယ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ ဒေသာတာဥပုသ် ” လို့ခေါ်ပါတယ်။

    နွားကျောင်းသာဟာ ကနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ်လို့ တွေးနေသလို ငါဥပုသ်စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်းထမင်းကောင်းတွေ စားမယ် တွေးပြီး စောင့်တဲ့ဥပုသ်ကို “ ဂေါပါလ = နွားကျောင်းသားဥပုသ် ” လို့ခေါ်ပါတယ်။

    အပြည့်အစုံသို့ »

    Thursday, March 27, 2008

    အမြည်းရှာနည်း

    ရှေ့နေနှစ်ယောက် သစ်ပင်အောက်တွင် ထိုင်ကာ အရက်သောက်နေကြသည်။ သူတို့တွင် မြည်းစရာ အမြည်းမရှိဘဲ ဖြစ်လေရာ သစ်ပင်ပေါ်တွင် ဝက်အူချောင်း ကိုက်ထားသော ကျီးကန်းကို မြင်သည်တွင် ၎င်းထံမှ ဝက်အူချောင်းကို မည်သို့ရအောင် လုပ်ရမည်ကို ရှေ့နေတစ်ယောက်က စဉ်းစားသည်။

    “ ဟေ့ ကျီးကန်း၊ မင်းဆီမှာ ဖန်ခွက်ပါသလား ”

    “ မပါဘူး”

    ထိုသို့ဖြေစဉ် ကျီးကန်းပါးစပ်မှ ဝက်အူချောင်းကျလာလေသည်။
    အမြည်းရသဖြင့် ရှေ့နေနှစ်ယောက် ဝမ်းသာအားရ သောက်စားကြသည်။

    ဒုတိယပုလင်းကို ဖွင့်ချိန်တွင် မြည်းစရာ အမြည်းမကျန်တော့သဖြင့် သစ်ပင်ပေါ်သို့ မော့ကြည့်ပြန်ရာ ကျီးကန်း၏ ပါးစပ်တွင် ထောပတ်ခဲကိုက်ထားသည်ကို တွေ့ကြသည်။

    “ ဟေ့ ကျီးကန်း၊ မင်းဆီမှာ ဖန်ခွက်ပါသလား ”

    ကျီးကန်းက ဘာမှမပြောဘဲနေသည်။

    “ ကျီးကန်း၊ မင်းကော အရက်မသောက်ချင်ဘူးလား ”

    “ သောက်ချင်တာပေါ့ ”

    ထောပတ်ခဲ ကျလာသည်။ ရှေ့နေနှစ်ယောက် စားလိုက်သောက်လိုက်ကြပြန်သည်။

    တတိယပုလင်းကို ဖွင့်ကြပြန်သည်။ မြည်းစရာ အမြည်းမရှိတော့သဖြင့် သစ်ပင်ပေါ်သို့ ကြည့်ပြန်ရာ စောစောက ကျီးကန်း ကြက်ကင်တစ်ကောင်ကို ကိုက်ထားသည်ကို တွေ့ရပြန်သည်။

    “ ဟေ့ကျီးကန်း၊ မင်းဆီမှာ အရက်ခွက်ပါသလား ”

    ကျီးကန်းက ဘာမှမပြောဘဲနေသည်။
    ဤတွင် ရှေ့နေတစ်ဦးက ၎င်းအဖော်ရှေ့နေအား ပြောလိုက်သည်။

    “ ကျီးကန်းကို သွားမစနဲ့၊ ဒီကောင် တော်တော်မူးနေလောက်ပြီကွ ”

    “ ဘယ်ကလာမူးရမှာလဲ၊ အရက်ဖြင့်မတိုက်ဘဲနဲ့ ” ဟု ကျီးကန်းက မကျေမနပ် ပြောလိုက်လေသတည်း။

    အပြည့်အစုံသို့ »

    နောက်နေ့

    အင်တာဗျူးသူ။ ရှေ့နေမင်းရဲ့ တစ်နေ့တာ အချိန်ဇယားကို သိချင်ပါတယ်။

    ရှေ့နေ။ မနက်(၇)နာရီမှာ အိပ်ရာထပါတယ်၊ မနက်(၈) နာရီမှာ နံနက်စာ စားပါတယ်၊ နံနက် (၉) နာရီမှာ အမှုသည်တွေနဲ့ လက်ခံတွေ့ဆုံပါတယ်၊ နံနက် (၁၀) နာရီမှာ တရားရုံးသွားပါတယ်။

    ညနေ (၃)နာရီမှာ ဂေါက်ရိုက်သွားတယ်၊ ည (၇) နာရီမှာ ညစာစားတယ်၊ ည (၈) နာရီမှာ တီဗွီကြည့်တယ်၊ တီဗွီအစီအစဉ်ပြီးတာနဲ့ အိပ်ရာဝင်ပါတယ်။

    အင်တာဗျူးသူ ။ ဒီလိုဆို ဘယ်အချိန်တွေမှာ စာဖတ်ပါသလဲ။

    ရှေ့နေ။ ဘယ်အချိန်မှာ စာဖတ်သလဲ၊ ဟုတ်လား၊ နောက်နေ့မှာ စာဖတ်တာပေါ့။

    အပြည့်အစုံသို့ »

    အထင်နှင့်စွဲတာ

    အလွန်တရာ လျှာရှည်သော ဝတ်လုံ ပေါက်စကလေး တစ်ယောက်သည် သက်သေစစ်မေးရာ၌ ဖျတ်ဖျတ်လတ်လတ် ရှိလှသော်လည်း ရပ်ရမည့် နေရာတွင် မရပ်မိသဖြင့် အမှုပြန်ပတ်မိခြင်းကား ...

    ဝတ်လုံ။ (သက်သေလူရိုးအား အခြောက်အလှန့်နှင့် မေးလျှင် သင့်အံဟု တွေးတောလျက်)“ ခင်ဗျားဟာ စူးတတ်တဲ့ ကျမ်းကြီးကိုကိုင် ကိုင်ပြီး သက်သေခံ ရတာနော်၊ သတိထားပြောပါ၊ ဒီ ကျွန်တော့်တရားခံက ခင်ဗျားရဲ့ ခိုကို သေနတ်နဲ့ ပစ်တာ ခင်ဗျားမျက်စိနှင့် မြင်ရသလား ပြောပါ ”

    တရားလို။ (အလွန်လန့်သော အမူအရာဖြင့်) “ ကျွန်တော့် မျက်စိနှင့် တတ်အပ်မြင်တယ်လို့ မဆိုလိုပါ။ အထင်နှင့် စွပ်စွဲတာပါ ”

    ဝတ်လုံ။ (မေးခွန်း ဤတွင် ရပ်သင့်လျက်မရပ်ဘဲ ဝမ်းသာအားရနှင့်) “ အင်း၊ လိုရင်းတော့ ရောက်လာပြီ၊ ခင်ဗျားအနေနဲ့ ဘယ်အတွက်ကြောင့် တရားခံက ခင်ဗျားခိုတွေကို ပစ်ခတ်တယ်လို့ ထင်ရတာလဲ ”

    တရားလို။ “ ထင်ရတာက ပထမအချက်က ကျွန်တော့် ခြံထဲမှာ တရားခံကို သေနတ်ကိုင်လျက် တွေ့ရလို့၊ ဒုတိယ သေနတ်သံကြားရပြီး ခိုတွေ မြေပေါ်ကို လိမ့်ကျလာတာကို တွေ့ရလို့၊ တတိယ ကျွန်တော့် ခိုလေးကောင်ကို တရားခံလွယ်အိတ်ထဲမှာ တွေ့ရလို့၊ ဒီတော့ ဒီခိုလေးကောင်ဟာ သူတို့အလိုအလျောက် သေနတ်ကျည်ဆံရာနဲ့ တရားခံရဲ့လွယ်အိတ်ထဲကို ဝင်မသွားကြပေဘူးလို့ ထင်ပါတယ်၊ ဒါ့ကြောင့် အထင်နှင့်စွဲတာပါ ”

    တရားခံဝတ်လုံမှာ ထပ်၍ မမေးဝံ့တော့ဘဲ ထိုင်လိုက်ရလေ၏။

    အပြည့်အစုံသို့ »

    Wednesday, March 26, 2008

    ဥာဏ်စမ်းပုစ္ဆာ

    မင်းလူ

    ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထာတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။
    သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ အစကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။


    အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။
    ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။
    အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။
    ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက…
    ခေါင်းတစ်ရာသားစားပါ။
    အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။
    ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။
    ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။

    အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။

    နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။
    “ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။
    စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။

    တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။

    သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။
    ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ”
    တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။

    သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။
    စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။

    သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။
    ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ”

    သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့…

    အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။
    တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ”
    ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။
    ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။
    ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ”
    ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။
    ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။
    “ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး”
    “ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့”
    “ဘာ.. ခြေထောက်၊ ဟုတ်လား”
    “အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ”
    “အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ”
    သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။
    “ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ”
    အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။
    ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။

    “ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက..
    “ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက ..

    “တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်”

    သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။

    သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။

    နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ”

    ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။

    ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။

    မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။
    ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်…

    သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။

    မင်းလူ
    http:// www.planet.com.mm ၏ bookplanet မှ ကူးယူဖော်ပြပါသည်။



    အပြည့်အစုံသို့ »

    Tuesday, March 25, 2008

    ကြေးမုံ

    ကြေးမုံ.....ခင်ဗျားဟာ ပြုံးစစနဲ့
    ခင်ဗျားဟာ ညှို့နိုင်တဲ့မျက်လုံးအစုံလဲ ရှိတယ်။
    နို့ပြီး ဘယ်သူကပဲ ရည်းစားစကားပြောပြော
    ခင်ဗျားဟာ လက်ခံတယ်။

    အရုပ်ဆိုးလှသူလူ ဖြစ်ဖြစ်
    ရုပ်လှတဲ့သူ ဖြစ်ဖြစ်
    ခင်ဗျားက လက်သင့်ခံတယ်။

    သူတို့ကို ဖျော်ဖြေတယ်။
    ဒါပေမယ့် ခဏပဲ။
    သူတို့ပြန်သွားတာနဲ့
    ခင်ဗျားရဲ့ အသည်းနှလုံးထဲက
    ထုတ်ပစ်လိုက်တယ်။

    ခင်ဗျားမှာ အသည်းနှလုံးမရှိသလိုဘဲ။

    အင်း...ဘဝကို ဒီလိုနဲ့ပဲ
    ကုန်ဆုံးစေတော့မှာလား။ ။

    (မောင်ဒီ)

    အပြည့်အစုံသို့ »

    ဖန်ခွက်

    ခင်ဗျားကို ကြည့်လိုက်ရင်
    အမြဲကြည်လင်နေတယ်၊
    ခင်ဗျာမျက်နှာဟာ သောကမရှိတဲ့ လူတစ်ယောက်လိုပဲ။

    ခင်ဗျားက အေးချမ်းတဲ့ ဂုဏ်ကြီးရှင်တွေရဲ့
    ရပ်ကွက်မှာသာ နေဖူးတဲ့ လူဆိုတော့
    သောကဆိုတဲ့ စကားတွေကို ဘယ်နားလည်မလဲ။

    ဆင်းရဲတဲ့ ရပ်ကွက်ကို ရောက်မှ
    သောကဆိုတာဟာ ဘယ်လောက်
    ပူလောင်တယ်ဆိုတာ သိလိမ့်မယ်။

    အဲဒီကျမှ ခင်ဗျားစိတ်ကို
    မထိန်းနိုင်ဘဲ ထိခိုက်ပြီး ရင်ကွဲနာကျ သေလိမ့်မယ်။ ။

    (မောင်ဒီ)

    အပြည့်အစုံသို့ »

    Monday, March 24, 2008

    မောင်ဒီ၏ကဗျာများကို ခံစားခြင်း

    ကဗျာဆရာမောင်ဒီ၏ လေညင်းကလေး အမည်ရှိ ကာရန်မဲ့ မော်ဒန် ကဗျာစာအုပ်များထဲမှ ခံစားမိသော ကဗျာများကို စုစည်းတင်ပြထားပါတယ်။ ဖတ်ရှုခံစား ကြည့်ပါ။

    ပျံလွှားငှက်

    မင်းဟာ ခရီးသွားတဲ့
    အခါမှာတော့
    ယောက်ယက်ခတ်လို့ပဲ။

    နေတော့ အလွန်တည်ငြိမ်ပြီး
    တိတ်ဆိတ်တဲ့ ကမ္ဘားစောင်းကြီးများမှာ
    အိမ်ကလေးတွေတူးပြီး
    နေတယ်။

    ငါတို့လည်း မင်းလိုပဲနေဖို့
    တည်တည်ငြိမ်ငြိမ်နဲ့
    တိတ်တိတ်ဆိတ်ဆိတ် ရှိမယ့်
    နေရာကို ရှာနေကြတယ်။

    ခုထိ မတွေ့သေးပါဘူး
    ကွယ်.....။ ။

    အပြည့်အစုံသို့ »

    လောကနီတိ

    “နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ လူမှုဆိုင်ရာ နီတိကျမ်းအဖြစ် ထွန်းပေါ်လာသော ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။ ထို့ကြောင့် လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာအဖြစ် လောကနီတိ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။
    အခန်း (၁)
    ပဏ္ဍိတ ကဏ္ဍ

    ၁။ ပျင်းရိသောသူ အတတ်ပညာမရနိုင်၊
    အတတ်ပညာမရှိသူ ဥစ္စာစီးပွား မရနိုင်၊
    ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်၊
    အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခ မရနိုင်၊
    ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်၊
    ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။


    ၂။ ဤလောက၌ အတတ်ညာနှင့်တူသော ဥစ္စာသည် မရှိ၊
    အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်၊
    အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်၍ ချမ်းသာကိုလည်း ပေးနိုင်၏။

    ၃။ အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်သောအခါမှ မအောက်မေ့ရာ၊
    လေ့လာဆည်းပူး၍ စိတ်၌ သိုမှီး သိမ်းဆည်းထားရာ၏။
    ခြပုရွက်ဆိတ်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များ သည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။

    ၄။ နှုတ်မှုလက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ၊
    ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။

    ၅။ တောင်တိုင်းတွင် ပတ္တမြားမရှိ။
    ဆင်တိုင်းတွင် မမြုတေမရှိ။ တောတောင်တိုင်းတွင် စန္ဒကူးမရှိ။
    အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန် မရှိ။

    ၆။ ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံ အရောက်သွားပြီး ပညာကို ကြိုးစား၍ ဆည်းပူးသင်ယူရာ၏။

    ရ။ စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြား ပြောဆိုလေ့ ရှိ၏။
    သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

    ၈။ ပေပုရပိုက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း၊
    ထို့အတူ သူတစ်ပါး လက်ဝယ်၌ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။

    ၉။ လိမ္မာယဉ်ကျေးမှု ရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
    ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။

    ၁၀။ ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟု ထင်မှတ်၍ မာန်တက်တတ်၏။
    သမုဒ္ဒရာကို မမြင်ဘူးသော ဖားငယ်သည် တွင်းငယ်ရေကို အများဟု ထင်မှတ်သကဲ့သို့တည်း။

    ၁၁။ ပထမအရွယ် ပညာရှာ၊
    ဒုတိယအရွယ် ဥစ္စာရှာ၊
    တတိယအရွယ် တရားရှာ။

    ၁၂။ အတတ်ပညာမရှိသူသည် သူတစ်ပါးဝန်ကို ထမ်းရ၏။
    အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
    ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာရအောင် ကြိုးစားသင်ယူပါလော့။

    ၁၃။ မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရာ၏။
    အတတ်ပညာကို မသင်ပေးခဲ့မူ ဟင်္သာတို့အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံ အလယ်၌ မတင့်မတယ်ဖြစ်ရာ၏။
    အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့် မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရတတ်၏။

    ၁၄။ ဆူးကို အဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း၊
    ရွှံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
    သူ့သဘာဝအလျောက်သာ ဖြစ်ကြကုန်၏။
    အမျိုးကောင်းသား အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူမရလည်း မိမိဘာသာကြိုးစား အားထုတ်ရာ၏။

    ၁၅။ အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား -
    ထုံးမပါသောကွမ်း၊
    ဆားမပါသောဟင်း၊
    ဥစ္စာပစ္စည်းမရှိဘဲ ဝတ်စားတန်ဆာပလွှားမော်ကြွားဝတ်ဆင်ခြင်း၊
    ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာဖွဲ့ဆိုခြင်းတို့ပေတည်း။

    ၁၆။ ကောင်းစွာနာကြား မှတ်သာခြင်းကြောင့် သုတနှင့် ပြည့်စုံရ၏။
    သုတပညာဖြင့် ကြီးပွားတိုးတက်၏။

    ၁၇။ အိပ်ခြင်း၊ စားခြင်း၊ မေထုံမှီဝဲခြင်း အမှုတို့၌ နွားသည်လည်းကောင်း၊ လူသည်လည်းကောင်း ပြုတတ်ကြမြဲသာဖြစ်၏။
    အတတ်ပညာသည် သာလျှင် နွားထက်လူကသာလွန်သောဂုဏ်ရည်ထူးပင်ဖြစ်ပေတော့သည်။

    ၁၈။ အတတ်ပညာနှင့်တူသော မိတ်ဆွေသည်မရှိ။
    အနာရောဂါနှင့် တူသော ရန်သူသည်မရှိ။

    ၁၉။ ကျီးတို့၏ အလယ်၌ ရောနှောနေခြင်းဖြင့် ဟင်္သာမင်းအတွက် မတင့်တယ်။
    နွားအုပ်အတွင်း ရောနှောနေခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
    မြည်းအုပ်အတွင်း ရောနှောနေခြင်းဖြင့် သိန္ဓောမြင်းအတွက် မတင့်တယ်။
    သူမိုက်တို့ အလယ်၌ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်းအတွက် မတင့်တယ်။

    ၂၀။ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်ငြားသော်လည်း သူတော်ကောင်း တရားကိုမသိချေ။
    လျှာသည် ဟင်း၏ အရသာကိုသိသကဲ့သို့ လိမ္မာရေးခြား ရှိသူသည် ပညာရှိအားတစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။

    ၂၁။ လက်နက်မပါဘဲ စစ်မြေသို့မသွားရာ။
    ကျမ်းဂန် အထောက်အထားမရှိဘဲ စကားမဆိုရာ။
    အဖော်မပါဘဲ ခရီးဝေးမသွားရာ။

    ၂၂။ အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကိုပြောဆိုရာ၏။
    ကိုယ်နှင့်လျောက်ပတ် သင့်မြတ်သော ချစ်အပ်သူကို ရှာရာ၏။

    ၂၃။ ဥစ္စာမရှိဘဲ အစားမကြူးရာ။
    ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
    ပညာမရှိဘဲ စကားများစွာ မဆိုရာ။

    ၂၄။ မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
    သူမမေးဘဲ များစွာ မပြောဟောရာ။
    မိမိဂုဏ်ကို ထုတ်ဖော်ဝါကြွားပလွှားခြင်းမပြုရာ။
    (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)

    ၂၅။ ရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်၏။
    ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။

    ၂၆။ သမုဒ္ဒရာသည် ရေ၌မရောင့်ရဲ။
    မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
    ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

    ၂၇။ အဆင်းအရွယ်၌ ပြည့်စုံကြွယ်ဝ သူပင်ဖြစ်လင့်ကစား အတတ်ပညာမရှိလျှင် မတင့်တယ်၊ ရနံ့ကင်းသောပေါက်ပွင့်နှင့်တူ၏။

    ၂၈။ နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်း၊ အမတ် ဖြစ်နိုင်၏။
    သူမိုက်၏သားပင်ဖြစ်လင့်ကစား ပညာရှိ ဖြစ်နိုင်၏။
    ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
    ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။

    ၂၉။ အတတ်ပညာကို လိုသဖြင့် အထူးထူးအပြားပြားများစွာ သင်ယူသောတပည့်သည် အိပ်မက်ကို ပြန်မပြောတတ်သော သူ အ ကဲ့သို့ ထိုအတတ်ပညာကို ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။

    ၃၀။ အိုးလုပ်သူသည် အိုးကို ကွဲစေအောင်ရိုက်ခတ်ခြင်းမဟုတ်၊ လှပတင့်တယ် ကောင်းမွန်စေရန်သာ ရိုက်ခတ်ခြင်း ဖြစ်သည်။
    ထိုနည်းတူစွာ ဆရာသည် တပည့်တို့ကို ထိခိုက်နစ်နာစေလို၍ ဆုံးမခြင်းမဟုတ်၊ အတတ်ပညာ အကျိုးစီးပွားရစေရန်သာ ဆုံးမခြင်း ဖြစ်၏။

    ၃၁။ တောင်ဇလပ်ပန်းကို ထုပ်သောပေါက်ဖက်သည် ထိုပန်း၏ ရနံ့ အတိုင်းပင် မွှေးကြိုင်၏။
    ပညာရှိနှင့်ပေါင်းဖတ်သောသူတို့ကိုလည်း ထိုနည်းအတိုင်းပင် မှတ်အပ်၏။

    ၃၂။ ဟင်္သာတို့၏ အလယ်၌ ဗျိုင်းသည် မတင့်တယ်သကဲ့သို့ ပညာမရှိသူသည် လူပုံအလယ်၌ မတင့်တယ်။

    အပြည့်အစုံသို့ »

    Friday, March 21, 2008

    ပဓာနသုတ်

    (ဝန်ခံချက်။ ။ဆရာအောင်သင်းရေးသားထုတ်ဝေသော မျိုးဆက်သစ်တို့အတွက် ပိဋကတ်မိတ်ဆက် မှ ထုတ်နုတ်တင်ပြပါတယ်။)

    ပိဋကတ်တော် မြန်မာပြန်တွေကို ဖတ်နေမိတာ ဆိုတာ အရင်တစ်ပတ်က ရေးသားပြီးပါပြီ။ တစ်လံသောကိုယ် ဆိုတာကိုလည်း ရေးခဲ့ပါတယ်။ ဖတ်နေရင်းကပဲ ပဓာနသုတ် ဆိုတာက မင်းတို့ ငါတို့ စဉ်းစားလိုက်နာဖို့ ကောင်းတယ် ထင်မိတာကြောင့် ရေးလိုက်ပါဦးမယ်။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပထမတွဲမှာ တွေ့နိုင်ပါတယ်။ ကျမ်းညွှန်းပေးနေတဲ့ ရည်ရွယ်ချက်က မင်းတို့လိုလူငယ်တွေဟာ ပိဋကတ်တော်လို့ ဆိုလိုက်ရင် ဘုန်းကြီးတွေ အဖိုးကြီးတွေနဲ့သာဆိုင်တယ်လို့ အောက်မေ့နေတတ်ကြတယ်။ (ပြောမယ့်သာပြောလိုက်ရပါတယ်။ ငါတို့ငယ်ငယ်ကလည်း ဒီလိုပဲ ထင်မိတာပဲ။ အဲဒီလို စာအုပ်မျိုးတွေကို ဘာခေါ်ကြသလဲ သိလား။ ဘုရားမြပုခက် တဲ့လေ။ ဖတ်ဖို့ ကောက်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတော့တာကိုး) ဒီစာအုပ်တွေထဲမှာ သေချာဖတ်ကြည့်မယ်ဆိုရင် လူငယ်တွေအတွက် အောင်မြင်ရေး လမ်းညွှန်တွေ အများကြီး တွေ့နိုင်တယ်ဆိုတာ သတိပြုမိပြီး ကြုံလာရင် ကိုင်မိဖတ်မိအောင်လည်း ရည်ရွယ်ပါတယ်။

    ပဓာနသုတ်မှာ ဘုရားက ရဟန်းတော်များကို ဟောကြားတာက -

    === ။ ။ ။ ===

    “ ရဟန်းတို့ အားထုတ်ခြင်း လေးမျိုးရှိတယ်။ အဲဒါတွေက- စောင့်စည်းခြင်း၊ ပယ်ရန်အားထုတ်ခြင်း၊ ပွားများရန် အားထုတ်ခြင်း ၊ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း တို့ ဖြစ်တယ်။ ”

    “ စောင့်စည်းရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ အကုသိုလ်တရားယုတ်တွေကို မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ မဖြစ်လာအောင် စိတ်အားသတ္တိနဲ့ တားဆီးထားတာဖြစ်တယ်။ ”

    “ ပယ်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တွေကို ပယ်ချင်တဲ့ ဆန္ဒနဲ့ စိတ်အားတင်းပြီး ပယ်ရန် အားထုတ်ခြင်း ဖြစ်တယ်။ ”

    “ ပွားများရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်စေလိုတဲ့ ဆန္ဒပေါ်ပြီး ဖြစ်လာအောင် အားထုတ်ခြင်းဖြစ်တယ်။ ”

    “ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသောကုသိုလ်တရားမြတ်တို့ကို တည်မြဲပွားများ နေစေရန် အားထုတ်ခြင်းဖြစ်တယ်။ ”

    “ ရဟန်းတို့ ဤလေးပါးတို့၌ ပြင်းစွာအားထုတ်သော ရဟန်းဟာ နိဗ္ဗာန်ရောက်တယ်။ ”

    === ။။။ ===

    ကဲ - အဲဒီ “ အားထုတ်ခြင်း လေးပါး ” ဟာမင်းတို့ငါတို့နဲ့ကော မသက်ဆိုင်ပေဘူးလား။

    မင်းဟာ ဆေးလိပ် မသောက်တတ်ဘူးဆိုပါတော့။ သွားပြီးအကျင့် မလုပ်ရဘူးပေါ့။ ဒါဟာစွဲတတ်တယ်။ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ပိုက်ဆံကုန်တယ်။ သက်သက်မဲ့ အကျိုးယုတ်စေဖို့သာလျှင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ သတိထားပြီးနေရင် “ စောင့်စည်းရန် အားထုတ်ခြင်း ” ပဲပေါ့။ အဲ့ဒီကနေ ဆင့်ပွားလိုက်ရင် ကွမ်းစားတာရော ၊ ဆေးခြောက်ရှူတာရော၊ မူးယစ်ဆေးဝါး သုံးတာရော အကုန်လုံး ပါလာတော့တာပေါ့။ တကယ်စဉ်းစား ကြည့်မယ်ဆိုရင် နို့စို့ကလေးဘဝက စပြီး ဆေးလိပ်သောက်တတ်ခဲ့တယ်လို့ ဘယ်မှာရှိခဲ့ပါ့မလဲ။ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိနေတာပဲ။ စောင့်စည်းရန် အားမထုတ်ခဲ့လို့ စွဲကုန်ကြတာ မဟုတ်ပေဘူးလား။

    ပယ်ရန်အားထုတ်ခြင်းဆိုတာ ဆေးလိပ် စွဲနေတယ်၊ ဖြတ်ဖို့ကြိုးစားတယ်။ ဒါဟာ ပယ်ရန် အားထုတ်ခြင်းပဲပေါ့။ မင်းရဲ့ ဘဝတတ်လမ်းအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေတဲ့ အကျင့်ဆိုးကြီးတွေ ဘယ်နှစ်ခုလောက် ရှိနေပြီလဲ။ ပြန်စဉ်းစားကြည့်ပေါ့။ ခက်တာက တို့တစ်တွေက မသိတာမဟုတ်ဘူးကွဲ့၊ မလုပ်ကြတာ။ ပယ်ဖို့ အားမထုတ်ကြတာ။ ကိုယ့်ကိုကိုယ် အလိုလိုက် ဖျက်ဆီးနေကြတာ။ ပယ်ဖို့ အားထုတ်မှု နည်းကြတယ် လို့ ဆိုရမှာပေါ့။

    ကောင်းတဲ့ အလေ့အကျင့်တွေကို မသိဘူးလားဆိုရင် သိနေကြသားပဲ။ အဲဒီ အကျင့်ကို ရအောင် ထူထောင်ကြဖို့ကျတော့ စိတ်အားထက်သန်မှု ပြင်းပြင်းပြပြ မရှိကြဘူး။ အဲဒီ အကျင့်ကောင်း အကျင့်မြတ်တွေကို ရအောင် အားထုတ်တာဟာ ပွားများရန် အားထုတ်ခြင်းပါပဲ။

    ကိုယ့်မှာ ရှိနေပြီးသား အကျင့်ကောင်းကလေးတွေကို မပျက်အောင်၊ ဆက်လက် ရှင်သန်နေအောင် အားထုတ်တာဟာ “ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း ” ပဲပေါ့။

    အဲဒီ လေးပါးကို ပြင်းပြင်းထန်ထန် အားထုတ်တဲ့ ရဟန်းဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဘုရားကမိန့်တော်မူတယ်။ မင်းတို့ငါတို့ ဆယ်တန်းစာမေးပွဲဘာညာ ဆိုတာလေးတွေက တကယ်တော့ တောက်တီးတောက်တဲ့ ကိစ္စလေးတွေပါ။ ဘာမှ ပြောပလောက်တာမဟုတ်ပါဘူး။

    မင်းကိုယ်မင်း ပြန်ပြီး သေချာစစ်ဆေးကြည့်လိုက်မယ်ဆိုရင် ဆောင်ရ ရှောင်ရမယ့် စာရင်းတွေ ထွက်လာမှာပါ။ အဲဒီ စာရင်းတွေကို မှတ်သားပြီး အားထုတ်ခြင်းလေးပါးနဲ့ တွယ်လိုက်ရင် အောင်မြင်တဲ့သူ ဖြစ်လာမှာပါ။


    အဲ့ဒါဘုရားဟောပါ မောင်ရင်။ ။

    အောင်သင်း
    (ဈေးကွက်ဂျာနယ်၊ အမှတ်(၇၇)၊ ၁၉၉၈ ခုနစ်)

    အပြည့်အစုံသို့ »

    Saturday, February 9, 2008

    ပြင်သစ်မှ ဖန်တီးသည့် စူပါအမြန်နှုန်း ရထား

    ပြင်သစ်နိုင်ငံမှ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Alstom မှ စတင် မိတ်ဆက်လိုက်သော မြန်နှုန်းမြင့် ရထားသစ် တစ်မျိုး မိတ်ဆက်ပွဲသို့ ပြင်သစ် သမ္မတ ကိုယ်တိုင် တက်ရောက် ချီးမြှင့် ခဲ့လေသည်။ AGV (Automotrice Grande Vitesse) ဟု အမည်တွင်သော အဆိုပါရထားသည် တွဲတိုင်း၏ အောက်ခြေ တစ်နာရီ ၃၆၀ ကီလိုမီတာ (၂၂၄မိုင်) နှုန်း မောင်းနှင်နိုင်သည့် မော်တာများကို တပ်ဆင်ထားသည်။ ထို့အတွက် (သီးသန့်တပ်ဆင်ရသော အင်ဂျင်တပ်) ရထားခေါင်းတွဲများကို လျော့ချလိုက်သဖြင့် ခရီသည်များ ပိုမိုတင်ဆောင်နိုင်မည် ဖြစ်သည်။

    Alstom က ယင်းတို့၏ ရထားသစ်၏ အရေးပါပုံနှင့် ဆန်းသစ် ခေတ်မီပုံ တို့ကို ကမ္ဘာအကြီးဆုံး ခရီးသည်တင် လေယာဉ် Airbus A380 နှင့် နှိုင်းယှဉ် ပြခဲ့သည်။ “ယနေ့ပွဲဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရဲစွမ်းသတ္တိကို မျက်ဝါးထင်ထင် ပြသလိုက်ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီအနေနဲ့ အခု စီမံကိန်းကို အခက်အခဲများ အရှုံးများ ကြုံတွေ့နေရသည့်ကြားမှ အနစ်နာခံ ကြိုးစားခဲ့ရလို့ပဲဖြစ်ပါတယ်။” ဟု အကြီးအကဲ တစ်ဦးက ပြင်သစ်နိုင်ငံ အနောက်ပိုင်းတွင် ပြုလုပ်သော အဆိုပါ ရထားသစ် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။ ၂၀၀၄ ခုနှစ်လောက်က အဆိုပါကုမ္ပဏီအနေဖြင့် အခက်အခဲများစွာ တွေ့ကြုံခဲ့ရပြီး ခေါင်းဆောင်ပိုင်း အနေဖြင့်လည်း ရှယ်ယာဈေးများ ထိုးကျခြင်းများကို တာဝန်ယူ ဖြေရှင်းခဲ့ကြရသည်။

    တစ်နည်းအားဖြင့် လေကြောင်းလိုင်းများ အထိကို ပြိုင်ဆိုင်မည့် တီထွင်မှုပုံစံသစ် ဖြစ်သည့် AGV ရထားများသည် သုံးနာရီတွင် ကီလိုမီတာ တစ်ထောင် (မိုင် ၆၀၀) နှုန်း မောင်းနှင်နိုင်ရန် စီမံထားကြောင်း စီမံရေးရာမှ တာဝန်ရှိသူက ပြောကြားသွားသည်။ ခုတ်မောင်းနိုင်သည့် အင်ဂျင်ပါဝင်သော ခေါင်းတွဲစံနစ်သုံး ယခင်က ရထားများ ပုံစံနှင့် မတူသော တွဲတိုင်း၏ အောက်ခြေတွင် အင်ဂျင်များ ပါဝင်သည့် AGV ရထားများကို "high-speed railcar" ဟု အဓိပ္ပါယ် ဖွင့်ဆိုထားလေသည်။ ယခု ရထားကို ယခင်ရထားများ တီတွင်စဉ် ကကဲ့သို့ အကျိုးတူ ပူပေါင်း တီထွင်ခဲ့ခြင်း မဟုတ်ဘဲ Alstom ချည်း သီးသန့် အကုန်အကျခံ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

    ယခင် အသုံးပြုခဲသော ရထား (TGV) ၏ အများဆုံး မြန်နှုန်းမျာ တစ်နာရီ ၃၂၀ ကီလိုမီတာ ဖြစ်ပြီး အဆိုပါ TGV ကို အရည်သွေးမြှင့်ထားသော TGV များသည် ၅၇၄.၈ ကီလိုမီတာအထိ တိုးပြီး မောင်းနှင်နိုင်ကာ ကမ္ဘာ့ မီးရထား မြန်နှုန်း စာရင်းဝင် ဖြစ်ခဲ့လေသည်။ ယခု AGV ၏ မော်တာ သစ်များသည် စွမ်းအင်စား သက်သာစေပြီး အတွေးအခေါ် ပုံစံသစ်ဖြင့် တွဲတိုင်းတွင် အင်ဂျင်များဖြင့် ဖွဲ့စည်းထားသောကြောင့် ခေါင်းတွဲစာ နေရာ သက်သာကာ ခရီးသည်များ ပိုမိုတင်ဆောင်နိုင်သည့် အပြင် ရေရှည် ထိန်းသိမ်းရမှု ကုန်ကျစရိတ်ကိုလည်း လျှော့နည်းစေမည် ဖြစ်သည်။

    အီတလီနိုင်ငံမှ NTV ရထားပို့ဆောင်ရေး လုပ်ငန်းမှ TGV ရထား ၂၅စီး ၀ယ်ယူသွားပြီဖြစ်ပြီ အီတလီ နိုင်ငံ၏ မြန်နှုန်းမြင့် ပို့ဆောင်ရေး ကွန်ယက်တွင် တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ၂၀၁၁ ခုနှစ်တွင် စတင်ပြေးဆွဲ တော့မည်ဖြစ်သည်။

    အပြည့်အစုံသို့ »