ဆုတောင်း
ငယ်ငယ်တုန်းကဆို သူငယ်ချင်းတွေ ဆုံကြပြီဟေ့ဆိုရင် ကစားကြတယ်။ မောလာရင် စကားတွေပြောကြတယ်။ သူသိတဲ့ အကြောင်း ကိုယ်သိတဲ့အကြောင်းတွေပေါ့။ အဲ့ဒီအခါ အမြင်တွေမတူကြတဲ့အခါကြရင် ကိုယ်ကမှန်တယ် လို့ထင်ရင် ငြင်းကြခုံကြတယ်။ ရန်ဖြစ်ကြတယ်။ စကားတွေ များကြတယ်။ မခေါ်ကြဘူးပေါ့။ ဒါပေမယ့် စိတ်ထဲမှာ မှတ်မထား တတ်ကြပါဘူး။ ကြာသွားတော့လည်း ဒီလူတွေပဲရှိကြတော့ ပြန်ပြီး သင့်မြတ်သွားကြတာပါပဲ။
ဒီလိုနဲ့ အရွယ်တွေ ရောက်လာတဲ့အခါမှာကြတော့ ကိုယ်ဖြတ်သန်းကြရတဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး ကိုယ်စွဲကိုင်ထားတဲ့မူတွေ ဝါဒတွေကို လက်မလွှတ်ချင်ကြပါဘူး။ စိတ်ထဲမှာလည်း ကိုယ်နဲ့အမြင်မတူတဲ့ လူဆိုရင် သိပ်ပြီးတော့ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲလာတတ်ပါတယ်။ လက်မခံချင်ကြပါဘူး။ အဲ့ဒီလူလုပ်ကိုင်တဲ့ အလုပ် မှန်သမျှကိုလည်း ဆန့်ကျင် လာတတ်ပါတယ်။ သူနဲ့အမြင်မတူတဲ့ အခြားလူတွေနဲ့လည်း ပိုပြီးတော့ အဖွဲ့ကျ လာတတ်ပါတယ်။
ဒါတွေဟာ မှန်လားမှားလား ဆိုတာတော့ သေချာမပြောတတ်ပါဘူး။ တော်တော်များများကတော့ အဲ့ဒီလိုပဲ ဖြစ်နေကြပါတယ်။ နားလည်ပေးဖို့ ဆိုတာကလည်း နေရာတိုင်း၊ အချိန်တိုင်းမှာ မဖြစ်နိုင်ပြန်ဘူးလေ။
မပေါင်းမဖြစ်တဲ့အခါကြရင် ဘယ်လိုလုပ်ကြမလဲ။
ကျောင်းပြီးခါနီး ဆရာတွေကို နှုတ်ဆက်ကန်တော့ပွဲမှာ ဆရာကြီးဦးသက်တင် မှာလိုက်တဲ့ စကားလေးကိုတော့ သတိတရ ဖြစ်မိပါတယ်။ ‘‘တပည့်တို့ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာဖြစ်စေ၊ နိုင်ငံရပ်ခြား ကိုဖြစ်စေ သွားရပြီဆိုရင် အခုပြောမယ့် အကြောင်းလေးတွေကို သတိထားပြီးတော့ မဆွေးနွေး မငြင်းခုံကြတာ ကောင်းပါတယ်။ ဘာအကြောင်းတွေလဲဆိုတော့ နိုင်ငံရေးအယူအဆ၊ ဘာသာရေးအယူအဆ၊ ယဉ်ကျေးမှု စတဲ့အကြောင်းတွေပဲ။ လူချစ်လူခင်များချင်ရင်တော့ ဟာသတွေ ၊ ပြက်လုံးတွေ ပြောဆိုတာအကောင်းဆုံးပဲ‘‘ လို့ မှာကြားဖူးပါတယ်။
ငြင်းကြခုံကြတာဟာ ကောင်းသော အပြုအမူတော့မဟုတ်ပါဘူး။ အရွယ်တွေရလာတဲ့အခါမှာ အမြင်တွေ ဖလှယ်ကြမယ်ဆိုရင် မျှတတဲ့ ဆွေးနွေးမှုလေးတွေနဲ့ ပြောဆို ဆွေးနွေးကြတာဟာ အကောင်းဆုံးဖြစ်မယ် လို့ထင်ပါတယ်။
ဒီအကြောင်းလေးကို ရေးဖြစ်တာကလည်း အခုအောက်က ကဗျာလေးကို ဖတ်ပြီးတော့ ခံစားမိလို့ပါ။ ကဗျာဆရာကတော့ မောင်ဒီ ဖြစ်ပါတယ်။ မျှတစွာဖြင့် ငြင်းခုံတတ်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်း ......။ ။
ဤ Post ဖြင့် ဆရာကြီးဦးသက်တင်နှင့် ဆရာများအားလုံးကို ဂါရဝပြုလိုက်ပါတယ်။
ဆုတောင်း
ငြင်းမနေကြပါနှင့်။
လက်ဝဲနှင့်လက်ယာ
အားလုံးဟာ…..
အသုံးဝင်ကြတာပါပဲ။
လက်တစ်ဖက် မပါလျှင်
ဝိတ်မ ချင်၍ မဖြစ်။
လက်နှစ်ဖက် မပါလျှင်
ထမင်းစားလို့ပင် မရ။
ခြေတစ်ဖက် မပါလျှင်
ဘောလုံးကန်၍ မဖြစ်။
ခြေနှစ်ဖက် မပါလျှင်
ထ၍ပင် မရ။ ။
ခြေနှင့်လက် လုံးဝကင်းမဲ့လျှင်
ပိုးတုံးလုံးတစ်ကောင်ကဲ့သို့ပင်။
သို့ရာတွင် ကျွေးမည့်သူရှိလျှင်ဖြင့်
အသက်ရှင်၍ရ၏။
လမ်းဘေးက
ဒုက္ခသည်များရဲ့ ဖြစ်အင်
ကျွန်ုပ် မမြင်ရပါလို၏။ ။
