Thursday, March 27, 2008

အမြည်းရှာနည်း

ရှေ့နေနှစ်ယောက် သစ်ပင်အောက်တွင် ထိုင်ကာ အရက်သောက်နေကြသည်။ သူတို့တွင် မြည်းစရာ အမြည်းမရှိဘဲ ဖြစ်လေရာ သစ်ပင်ပေါ်တွင် ဝက်အူချောင်း ကိုက်ထားသော ကျီးကန်းကို မြင်သည်တွင် ၎င်းထံမှ ဝက်အူချောင်းကို မည်သို့ရအောင် လုပ်ရမည်ကို ရှေ့နေတစ်ယောက်က စဉ်းစားသည်။

“ ဟေ့ ကျီးကန်း၊ မင်းဆီမှာ ဖန်ခွက်ပါသလား ”

“ မပါဘူး”

ထိုသို့ဖြေစဉ် ကျီးကန်းပါးစပ်မှ ဝက်အူချောင်းကျလာလေသည်။
အမြည်းရသဖြင့် ရှေ့နေနှစ်ယောက် ဝမ်းသာအားရ သောက်စားကြသည်။

ဒုတိယပုလင်းကို ဖွင့်ချိန်တွင် မြည်းစရာ အမြည်းမကျန်တော့သဖြင့် သစ်ပင်ပေါ်သို့ မော့ကြည့်ပြန်ရာ ကျီးကန်း၏ ပါးစပ်တွင် ထောပတ်ခဲကိုက်ထားသည်ကို တွေ့ကြသည်။

“ ဟေ့ ကျီးကန်း၊ မင်းဆီမှာ ဖန်ခွက်ပါသလား ”

ကျီးကန်းက ဘာမှမပြောဘဲနေသည်။

“ ကျီးကန်း၊ မင်းကော အရက်မသောက်ချင်ဘူးလား ”

“ သောက်ချင်တာပေါ့ ”

ထောပတ်ခဲ ကျလာသည်။ ရှေ့နေနှစ်ယောက် စားလိုက်သောက်လိုက်ကြပြန်သည်။

တတိယပုလင်းကို ဖွင့်ကြပြန်သည်။ မြည်းစရာ အမြည်းမရှိတော့သဖြင့် သစ်ပင်ပေါ်သို့ ကြည့်ပြန်ရာ စောစောက ကျီးကန်း ကြက်ကင်တစ်ကောင်ကို ကိုက်ထားသည်ကို တွေ့ရပြန်သည်။

“ ဟေ့ကျီးကန်း၊ မင်းဆီမှာ အရက်ခွက်ပါသလား ”

ကျီးကန်းက ဘာမှမပြောဘဲနေသည်။
ဤတွင် ရှေ့နေတစ်ဦးက ၎င်းအဖော်ရှေ့နေအား ပြောလိုက်သည်။

“ ကျီးကန်းကို သွားမစနဲ့၊ ဒီကောင် တော်တော်မူးနေလောက်ပြီကွ ”

“ ဘယ်ကလာမူးရမှာလဲ၊ အရက်ဖြင့်မတိုက်ဘဲနဲ့ ” ဟု ကျီးကန်းက မကျေမနပ် ပြောလိုက်လေသတည်း။

အပြည့်အစုံသို့ »

နောက်နေ့

အင်တာဗျူးသူ။ ရှေ့နေမင်းရဲ့ တစ်နေ့တာ အချိန်ဇယားကို သိချင်ပါတယ်။

ရှေ့နေ။ မနက်(၇)နာရီမှာ အိပ်ရာထပါတယ်၊ မနက်(၈) နာရီမှာ နံနက်စာ စားပါတယ်၊ နံနက် (၉) နာရီမှာ အမှုသည်တွေနဲ့ လက်ခံတွေ့ဆုံပါတယ်၊ နံနက် (၁၀) နာရီမှာ တရားရုံးသွားပါတယ်။

ညနေ (၃)နာရီမှာ ဂေါက်ရိုက်သွားတယ်၊ ည (၇) နာရီမှာ ညစာစားတယ်၊ ည (၈) နာရီမှာ တီဗွီကြည့်တယ်၊ တီဗွီအစီအစဉ်ပြီးတာနဲ့ အိပ်ရာဝင်ပါတယ်။

အင်တာဗျူးသူ ။ ဒီလိုဆို ဘယ်အချိန်တွေမှာ စာဖတ်ပါသလဲ။

ရှေ့နေ။ ဘယ်အချိန်မှာ စာဖတ်သလဲ၊ ဟုတ်လား၊ နောက်နေ့မှာ စာဖတ်တာပေါ့။

အပြည့်အစုံသို့ »

အထင်နှင့်စွဲတာ

အလွန်တရာ လျှာရှည်သော ဝတ်လုံ ပေါက်စကလေး တစ်ယောက်သည် သက်သေစစ်မေးရာ၌ ဖျတ်ဖျတ်လတ်လတ် ရှိလှသော်လည်း ရပ်ရမည့် နေရာတွင် မရပ်မိသဖြင့် အမှုပြန်ပတ်မိခြင်းကား ...

ဝတ်လုံ။ (သက်သေလူရိုးအား အခြောက်အလှန့်နှင့် မေးလျှင် သင့်အံဟု တွေးတောလျက်)“ ခင်ဗျားဟာ စူးတတ်တဲ့ ကျမ်းကြီးကိုကိုင် ကိုင်ပြီး သက်သေခံ ရတာနော်၊ သတိထားပြောပါ၊ ဒီ ကျွန်တော့်တရားခံက ခင်ဗျားရဲ့ ခိုကို သေနတ်နဲ့ ပစ်တာ ခင်ဗျားမျက်စိနှင့် မြင်ရသလား ပြောပါ ”

တရားလို။ (အလွန်လန့်သော အမူအရာဖြင့်) “ ကျွန်တော့် မျက်စိနှင့် တတ်အပ်မြင်တယ်လို့ မဆိုလိုပါ။ အထင်နှင့် စွပ်စွဲတာပါ ”

ဝတ်လုံ။ (မေးခွန်း ဤတွင် ရပ်သင့်လျက်မရပ်ဘဲ ဝမ်းသာအားရနှင့်) “ အင်း၊ လိုရင်းတော့ ရောက်လာပြီ၊ ခင်ဗျားအနေနဲ့ ဘယ်အတွက်ကြောင့် တရားခံက ခင်ဗျားခိုတွေကို ပစ်ခတ်တယ်လို့ ထင်ရတာလဲ ”

တရားလို။ “ ထင်ရတာက ပထမအချက်က ကျွန်တော့် ခြံထဲမှာ တရားခံကို သေနတ်ကိုင်လျက် တွေ့ရလို့၊ ဒုတိယ သေနတ်သံကြားရပြီး ခိုတွေ မြေပေါ်ကို လိမ့်ကျလာတာကို တွေ့ရလို့၊ တတိယ ကျွန်တော့် ခိုလေးကောင်ကို တရားခံလွယ်အိတ်ထဲမှာ တွေ့ရလို့၊ ဒီတော့ ဒီခိုလေးကောင်ဟာ သူတို့အလိုအလျောက် သေနတ်ကျည်ဆံရာနဲ့ တရားခံရဲ့လွယ်အိတ်ထဲကို ဝင်မသွားကြပေဘူးလို့ ထင်ပါတယ်၊ ဒါ့ကြောင့် အထင်နှင့်စွဲတာပါ ”

တရားခံဝတ်လုံမှာ ထပ်၍ မမေးဝံ့တော့ဘဲ ထိုင်လိုက်ရလေ၏။

အပြည့်အစုံသို့ »

Wednesday, March 26, 2008

ဥာဏ်စမ်းပုစ္ဆာ

မင်းလူ

ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထာတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။
သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ အစကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။


အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။
ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။
အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။
ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက…
ခေါင်းတစ်ရာသားစားပါ။
အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။
ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။
ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။

အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။

နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။
“ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။
စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။

တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။

သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။
ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ”
တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။

သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။
စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။

သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။
ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ”

သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့…

အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။
တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ”
ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။
ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။
ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ”
ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။
ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။
“ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး”
“ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့”
“ဘာ.. ခြေထောက်၊ ဟုတ်လား”
“အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ”
“အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ”
သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။
“ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ”
အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။
ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။

“ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက..
“ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက ..

“တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်”

သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။

သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။

နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ”

ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။

မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။
ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်…

သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။

မင်းလူ
http:// www.planet.com.mm ၏ bookplanet မှ ကူးယူဖော်ပြပါသည်။



အပြည့်အစုံသို့ »

Tuesday, March 25, 2008

ကြေးမုံ

ကြေးမုံ.....ခင်ဗျားဟာ ပြုံးစစနဲ့
ခင်ဗျားဟာ ညှို့နိုင်တဲ့မျက်လုံးအစုံလဲ ရှိတယ်။
နို့ပြီး ဘယ်သူကပဲ ရည်းစားစကားပြောပြော
ခင်ဗျားဟာ လက်ခံတယ်။

အရုပ်ဆိုးလှသူလူ ဖြစ်ဖြစ်
ရုပ်လှတဲ့သူ ဖြစ်ဖြစ်
ခင်ဗျားက လက်သင့်ခံတယ်။

သူတို့ကို ဖျော်ဖြေတယ်။
ဒါပေမယ့် ခဏပဲ။
သူတို့ပြန်သွားတာနဲ့
ခင်ဗျားရဲ့ အသည်းနှလုံးထဲက
ထုတ်ပစ်လိုက်တယ်။

ခင်ဗျားမှာ အသည်းနှလုံးမရှိသလိုဘဲ။

အင်း...ဘဝကို ဒီလိုနဲ့ပဲ
ကုန်ဆုံးစေတော့မှာလား။ ။

(မောင်ဒီ)

အပြည့်အစုံသို့ »

ဖန်ခွက်

ခင်ဗျားကို ကြည့်လိုက်ရင်
အမြဲကြည်လင်နေတယ်၊
ခင်ဗျာမျက်နှာဟာ သောကမရှိတဲ့ လူတစ်ယောက်လိုပဲ။

ခင်ဗျားက အေးချမ်းတဲ့ ဂုဏ်ကြီးရှင်တွေရဲ့
ရပ်ကွက်မှာသာ နေဖူးတဲ့ လူဆိုတော့
သောကဆိုတဲ့ စကားတွေကို ဘယ်နားလည်မလဲ။

ဆင်းရဲတဲ့ ရပ်ကွက်ကို ရောက်မှ
သောကဆိုတာဟာ ဘယ်လောက်
ပူလောင်တယ်ဆိုတာ သိလိမ့်မယ်။

အဲဒီကျမှ ခင်ဗျားစိတ်ကို
မထိန်းနိုင်ဘဲ ထိခိုက်ပြီး ရင်ကွဲနာကျ သေလိမ့်မယ်။ ။

(မောင်ဒီ)

အပြည့်အစုံသို့ »

Monday, March 24, 2008

မောင်ဒီ၏ကဗျာများကို ခံစားခြင်း

ကဗျာဆရာမောင်ဒီ၏ လေညင်းကလေး အမည်ရှိ ကာရန်မဲ့ မော်ဒန် ကဗျာစာအုပ်များထဲမှ ခံစားမိသော ကဗျာများကို စုစည်းတင်ပြထားပါတယ်။ ဖတ်ရှုခံစား ကြည့်ပါ။

ပျံလွှားငှက်

မင်းဟာ ခရီးသွားတဲ့
အခါမှာတော့
ယောက်ယက်ခတ်လို့ပဲ။

နေတော့ အလွန်တည်ငြိမ်ပြီး
တိတ်ဆိတ်တဲ့ ကမ္ဘားစောင်းကြီးများမှာ
အိမ်ကလေးတွေတူးပြီး
နေတယ်။

ငါတို့လည်း မင်းလိုပဲနေဖို့
တည်တည်ငြိမ်ငြိမ်နဲ့
တိတ်တိတ်ဆိတ်ဆိတ် ရှိမယ့်
နေရာကို ရှာနေကြတယ်။

ခုထိ မတွေ့သေးပါဘူး
ကွယ်.....။ ။

အပြည့်အစုံသို့ »

လောကနီတိ

“နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ လူမှုဆိုင်ရာ နီတိကျမ်းအဖြစ် ထွန်းပေါ်လာသော ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။ ထို့ကြောင့် လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာအဖြစ် လောကနီတိ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။
အခန်း (၁)
ပဏ္ဍိတ ကဏ္ဍ

၁။ ပျင်းရိသောသူ အတတ်ပညာမရနိုင်၊
အတတ်ပညာမရှိသူ ဥစ္စာစီးပွား မရနိုင်၊
ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်၊
အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်၊
ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။


၂။ ဤလောက၌ အတတ်ညာနှင့်တူသော ဥစ္စာသည် မရှိ၊
အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်၊
အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်၍ ချမ်းသာကိုလည်း ပေးနိုင်၏။

၃။ အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်သောအခါမှ မအောက်မေ့ရာ၊
လေ့လာဆည်းပူး၍ စိတ်၌ သိုမှီး သိမ်းဆည်းထားရာ၏။
ခြပုရွက်ဆိတ်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များ သည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။

၎။ နှုတ်မှုလက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ၊
ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။

၅။ တောင်တိုင်းတွင် ပတ္တမြားမရှိ။
ဆင်တိုင်းတွင် မမြုတေမရှိ။ တောတောင်တိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန် မရှိ။

၆။ ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံ အရောက်သွားပြီး ပညာကို ကြိုးစား၍ ဆည်းပူးသင်ယူရာ၏။

ရ။ စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြား ပြောဆိုလေ့ ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

၈။ ပေပုရပိုက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း၊
ထို့အတူ သူတစ်ပါး လက်ဝယ်၌ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။

၉။ လိမ္မာယဉ်ကျေးမှု ရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။

၁၀။ ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟု ထင်မှတ်၍ မာန်တက်တတ်၏။
သမုဒ္ဒရာကို မမြင်ဘူးသော ဖားငယ်သည် တွင်းငယ်ရေကို အများဟု ထင်မှတ်သကဲ့သို့တည်း။

၁၁။ ပထမအရွယ် ပညာရှာ၊
ဒုတိယအရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ။

၁၂။ အတတ်ပညာမရှိသူသည် သူတစ်ပါးဝန်ကို ထမ်းရ၏။
အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာရအောင် ကြိုးစားသင်ယူပါလော့။

၁၃။ မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရာ၏။
အတတ်ပညာကို မသင်ပေးခဲ့မူ ဟင်္သာတို့အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံ အလယ်၌ မတင့်မတယ်ဖြစ်ရာ၏။
အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့် မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရတတ်၏။

၁၄။ ဆူးကို အဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း၊
ရွှံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
သူ့သဘာဝအလျောက်သာ ဖြစ်ကြကုန်၏။
အမျိုးကောင်းသား အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူမရလည်း မိမိဘာသာကြိုးစား အားထုတ်ရာ၏။

၁၅။ အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား -
ထုံးမပါသောကွမ်း၊
ဆားမပါသောဟင်း၊
ဥစ္စာပစ္စည်းမရှိဘဲ ဝတ်စားတန်ဆာပလွှားမော်ကြွားဝတ်ဆင်ခြင်း၊
ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာဖွဲ့ဆိုခြင်းတို့ပေတည်း။

၁၆။ ကောင်းစွာနာကြား မှတ်သာခြင်းကြောင့် သုတနှင့် ပြည့်စုံရ၏။
သုတပညာဖြင့် ကြီးပွားတိုးတက်၏။

၁၇။ အိပ်ခြင်း၊ စားခြင်း၊ မေထုံမှီဝဲခြင်း အမှုတို့၌ နွားသည်လည်းကောင်း၊ လူသည်လည်းကောင်း ပြုတတ်ကြမြဲသာဖြစ်၏။
အတတ်ပညာသည် သာလျှင် နွားထက်လူကသာလွန်သောဂုဏ်ရည်ထူးပင်ဖြစ်ပေတော့သည်။

၁၈။ အတတ်ပညာနှင့်တူသော မိတ်ဆွေသည်မရှိ။
အနာရောဂါနှင့် တူသော ရန်သူသည်မရှိ။

၁၉။ ကျီးတို့၏ အလယ်၌ ရောနှောနေခြင်းဖြင့် ဟင်္သာမင်းအတွက် မတင့်တယ်။
နွားအုပ်အတွင်း ရောနှောနေခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
မြည်းအုပ်အတွင်း ရောနှောနေခြင်းဖြင့် သိန္ဓောမြင်းအတွက် မတင့်တယ်။
သူမိုက်တို့ အလယ်၌ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်းအတွက် မတင့်တယ်။

၂၀။ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်ငြားသော်လည်း သူတော်ကောင်း တရားကိုမသိချေ။
လျှာသည် ဟင်း၏ အရသာကိုသိသကဲ့သို့ လိမ္မာရေးခြား ရှိသူသည် ပညာရှိအားတစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။

၂၁။ လက်နက်မပါဘဲ စစ်မြေသို့မသွားရာ။
ကျမ်းဂန် အထောက်အထားမရှိဘဲ စကားမဆိုရာ။
အဖော်မပါဘဲ ခရီးဝေးမသွားရာ။

၂၂။ အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကိုပြောဆိုရာ၏။
ကိုယ်နှင့်လျောက်ပတ် သင့်မြတ်သော ချစ်အပ်သူကို ရှာရာ၏။

၂၃။ ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။

၂၄။ မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောဟောရာ။
မိမိဂုဏ်ကို ထုတ်ဖော်ဝါကြွားပလွှားခြင်းမပြုရာ။
(ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)

၂၅။ ရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်၏။
ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။

၂၆။ သမုဒ္ဒရာသည် ရေ၌မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

၂၇။ အဆင်းအရွယ်၌ ပြည့်စုံကြွယ်ဝ သူပင်ဖြစ်လင့်ကစား အတတ်ပညာမရှိလျှင် မတင့်တယ်၊ ရနံ့ကင်းသောပေါက်ပွင့်နှင့်တူ၏။

၂၈။ နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်း၊ အမတ် ဖြစ်နိုင်၏။
သူမိုက်၏သားပင်ဖြစ်လင့်ကစား ပညာရှိ ဖြစ်နိုင်၏။
ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။

၂၉။ အတတ်ပညာကို လိုသဖြင့် အထူးထူးအပြားပြားများစွာ သင်ယူသောတပည့်သည် အိပ်မက်ကို ပြန်မပြောတတ်သော သူ အ ကဲ့သို့ ထိုအတတ်ပညာကို ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။

၃၀။ အိုးလုပ်သူသည် အိုးကို ကွဲစေအောင်ရိုက်ခတ်ခြင်းမဟုတ်၊ လှပတင့်တယ် ကောင်းမွန်စေရန်သာ ရိုက်ခတ်ခြင်း ဖြစ်သည်။
ထိုနည်းတူစွာ ဆရာသည် တပည့်တို့ကို ထိခိုက်နစ်နာစေလို၍ ဆုံးမခြင်းမဟုတ်၊ အတတ်ပညာ အကျိုးစီးပွားရစေရန်သာ ဆုံးမခြင်း ဖြစ်၏။

၃၁။ တောင်ဇလပ်ပန်းကို ထုပ်သောပေါက်ဖက်သည် ထိုပန်း၏ ရနံ့ အတိုင်းပင် မွှေးကြိုင်၏။
ပညာရှိနှင့်ပေါင်းဖတ်သောသူတို့ကိုလည်း ထိုနည်းအတိုင်းပင် မှတ်အပ်၏။

၃၂။ ဟင်္သာတို့၏ အလယ်၌ ဗျိုင်းသည် မတင့်တယ်သကဲ့သို့ ပညာမရှိသူသည် လူပုံအလယ်၌ မတင့်တယ်။

အပြည့်အစုံသို့ »

Friday, March 21, 2008

ပဓာနသုတ်

(ဝန်ခံချက်။ ။ဆရာအောင်သင်းရေးသားထုတ်ဝေသော မျိုးဆက်သစ်တို့အတွက် ပိဋကတ်မိတ်ဆက် မှ ထုတ်နုတ်တင်ပြပါတယ်။)

ပိဋကတ်တော် မြန်မာပြန်တွေကို ဖတ်နေမိတာ ဆိုတာ အရင်တစ်ပတ်က ရေးသားပြီးပါပြီ။ တစ်လံသောကိုယ် ဆိုတာကိုလည်း ရေးခဲ့ပါတယ်။ ဖတ်နေရင်းကပဲ ပဓာနသုတ် ဆိုတာက မင်းတို့ ငါတို့ စဉ်းစားလိုက်နာဖို့ ကောင်းတယ် ထင်မိတာကြောင့် ရေးလိုက်ပါဦးမယ်။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပထမတွဲမှာ တွေ့နိုင်ပါတယ်။ ကျမ်းညွှန်းပေးနေတဲ့ ရည်ရွယ်ချက်က မင်းတို့လိုလူငယ်တွေဟာ ပိဋကတ်တော်လို့ ဆိုလိုက်ရင် ဘုန်းကြီးတွေ အဖိုးကြီးတွေနဲ့သာဆိုင်တယ်လို့ အောက်မေ့နေတတ်ကြတယ်။ (ပြောမယ့်သာပြောလိုက်ရပါတယ်။ ငါတို့ငယ်ငယ်ကလည်း ဒီလိုပဲ ထင်မိတာပဲ။ အဲဒီလို စာအုပ်မျိုးတွေကို ဘာခေါ်ကြသလဲ သိလား။ ဘုရားမြပုခက် တဲ့လေ။ ဖတ်ဖို့ ကောက်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတော့တာကိုး) ဒီစာအုပ်တွေထဲမှာ သေချာဖတ်ကြည့်မယ်ဆိုရင် လူငယ်တွေအတွက် အောင်မြင်ရေး လမ်းညွှန်တွေ အများကြီး တွေ့နိုင်တယ်ဆိုတာ သတိပြုမိပြီး ကြုံလာရင် ကိုင်မိဖတ်မိအောင်လည်း ရည်ရွယ်ပါတယ်။

ပဓာနသုတ်မှာ ဘုရားက ရဟန်းတော်များကို ဟောကြားတာက -

=== ။ ။ ။ ===

“ ရဟန်းတို့ အားထုတ်ခြင်း လေးမျိုးရှိတယ်။ အဲဒါတွေက- စောင့်စည်းခြင်း၊ ပယ်ရန်အားထုတ်ခြင်း၊ ပွားများရန် အားထုတ်ခြင်း ၊ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း တို့ ဖြစ်တယ်။ ”

“ စောင့်စည်းရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ အကုသိုလ်တရားယုတ်တွေကို မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ မဖြစ်လာအောင် စိတ်အားသတ္တိနဲ့ တားဆီးထားတာဖြစ်တယ်။ ”

“ ပယ်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တွေကို ပယ်ချင်တဲ့ ဆန္ဒနဲ့ စိတ်အားတင်းပြီး ပယ်ရန် အားထုတ်ခြင်း ဖြစ်တယ်။ ”

“ ပွားများရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်စေလိုတဲ့ ဆန္ဒပေါ်ပြီး ဖြစ်လာအောင် အားထုတ်ခြင်းဖြစ်တယ်။ ”

“ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသောကုသိုလ်တရားမြတ်တို့ကို တည်မြဲပွားများ နေစေရန် အားထုတ်ခြင်းဖြစ်တယ်။ ”

“ ရဟန်းတို့ ဤလေးပါးတို့၌ ပြင်းစွာအားထုတ်သော ရဟန်းဟာ နိဗ္ဗာန်ရောက်တယ်။ ”

=== ။။။ ===

ကဲ - အဲဒီ “ အားထုတ်ခြင်း လေးပါး ” ဟာမင်းတို့ငါတို့နဲ့ကော မသက်ဆိုင်ပေဘူးလား။

မင်းဟာ ဆေးလိပ် မသောက်တတ်ဘူးဆိုပါတော့။ သွားပြီးအကျင့် မလုပ်ရဘူးပေါ့။ ဒါဟာစွဲတတ်တယ်။ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ပိုက်ဆံကုန်တယ်။ သက်သက်မဲ့ အကျိုးယုတ်စေဖို့သာလျှင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ သတိထားပြီးနေရင် “ စောင့်စည်းရန် အားထုတ်ခြင်း ” ပဲပေါ့။ အဲ့ဒီကနေ ဆင့်ပွားလိုက်ရင် ကွမ်းစားတာရော ၊ ဆေးခြောက်ရှူတာရော၊ မူးယစ်ဆေးဝါး သုံးတာရော အကုန်လုံး ပါလာတော့တာပေါ့။ တကယ်စဉ်းစား ကြည့်မယ်ဆိုရင် နို့စို့ကလေးဘဝက စပြီး ဆေးလိပ်သောက်တတ်ခဲ့တယ်လို့ ဘယ်မှာရှိခဲ့ပါ့မလဲ။ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိနေတာပဲ။ စောင့်စည်းရန် အားမထုတ်ခဲ့လို့ စွဲကုန်ကြတာ မဟုတ်ပေဘူးလား။

ပယ်ရန်အားထုတ်ခြင်းဆိုတာ ဆေးလိပ် စွဲနေတယ်၊ ဖြတ်ဖို့ကြိုးစားတယ်။ ဒါဟာ ပယ်ရန် အားထုတ်ခြင်းပဲပေါ့။ မင်းရဲ့ ဘဝတတ်လမ်းအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေတဲ့ အကျင့်ဆိုးကြီးတွေ ဘယ်နှစ်ခုလောက် ရှိနေပြီလဲ။ ပြန်စဉ်းစားကြည့်ပေါ့။ ခက်တာက တို့တစ်တွေက မသိတာမဟုတ်ဘူးကွဲ့၊ မလုပ်ကြတာ။ ပယ်ဖို့ အားမထုတ်ကြတာ။ ကိုယ့်ကိုကိုယ် အလိုလိုက် ဖျက်ဆီးနေကြတာ။ ပယ်ဖို့ အားထုတ်မှု နည်းကြတယ် လို့ ဆိုရမှာပေါ့။

ကောင်းတဲ့ အလေ့အကျင့်တွေကို မသိဘူးလားဆိုရင် သိနေကြသားပဲ။ အဲဒီ အကျင့်ကို ရအောင် ထူထောင်ကြဖို့ကျတော့ စိတ်အားထက်သန်မှု ပြင်းပြင်းပြပြ မရှိကြဘူး။ အဲဒီ အကျင့်ကောင်း အကျင့်မြတ်တွေကို ရအောင် အားထုတ်တာဟာ ပွားများရန် အားထုတ်ခြင်းပါပဲ။

ကိုယ့်မှာ ရှိနေပြီးသား အကျင့်ကောင်းကလေးတွေကို မပျက်အောင်၊ ဆက်လက် ရှင်သန်နေအောင် အားထုတ်တာဟာ “ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း ” ပဲပေါ့။

အဲဒီ လေးပါးကို ပြင်းပြင်းထန်ထန် အားထုတ်တဲ့ ရဟန်းဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဘုရားကမိန့်တော်မူတယ်။ မင်းတို့ငါတို့ ဆယ်တန်းစာမေးပွဲဘာညာ ဆိုတာလေးတွေက တကယ်တော့ တောက်တီးတောက်တဲ့ ကိစ္စလေးတွေပါ။ ဘာမှ ပြောပလောက်တာမဟုတ်ပါဘူး။

မင်းကိုယ်မင်း ပြန်ပြီး သေချာစစ်ဆေးကြည့်လိုက်မယ်ဆိုရင် ဆောင်ရ ရှောင်ရမယ့် စာရင်းတွေ ထွက်လာမှာပါ။ အဲဒီ စာရင်းတွေကို မှတ်သားပြီး အားထုတ်ခြင်းလေးပါးနဲ့ တွယ်လိုက်ရင် အောင်မြင်တဲ့သူ ဖြစ်လာမှာပါ။


အဲ့ဒါဘုရားဟောပါ မောင်ရင်။ ။

အောင်သင်း
(ဈေးကွက်ဂျာနယ်၊ အမှတ်(၇၇)၊ ၁၉၉၈ ခုနစ်)

အပြည့်အစုံသို့ »