Monday, March 24, 2008

လောကနီတိ

“နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ လူမှုဆိုင်ရာ နီတိကျမ်းအဖြစ် ထွန်းပေါ်လာသော ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။ ထို့ကြောင့် လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာအဖြစ် လောကနီတိ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။
အခန်း (၁)
ပဏ္ဍိတ ကဏ္ဍ

၁။ ပျင်းရိသောသူ အတတ်ပညာမရနိုင်၊
အတတ်ပညာမရှိသူ ဥစ္စာစီးပွား မရနိုင်၊
ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်း မရနိုင်၊
အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ် မရနိုင်၊
ကောင်းမှုကုသိုလ်မရှိသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်အံ့နည်း။


၂။ ဤလောက၌ အတတ်ညာနှင့်တူသော ဥစ္စာသည် မရှိ၊
အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်၊
အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်၍ ချမ်းသာကိုလည်း ပေးနိုင်၏။

၃။ အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်သောအခါမှ မအောက်မေ့ရာ၊
လေ့လာဆည်းပူး၍ စိတ်၌ သိုမှီး သိမ်းဆည်းထားရာ၏။
ခြပုရွက်ဆိတ်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များ သည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။

၎။ နှုတ်မှုလက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ၊
ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။

၅။ တောင်တိုင်းတွင် ပတ္တမြားမရှိ။
ဆင်တိုင်းတွင် မမြုတေမရှိ။ တောတောင်တိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန် မရှိ။

၆။ ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံ အရောက်သွားပြီး ပညာကို ကြိုးစား၍ ဆည်းပူးသင်ယူရာ၏။

ရ။ စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြား ပြောဆိုလေ့ ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

၈။ ပေပုရပိုက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း၊
ထို့အတူ သူတစ်ပါး လက်ဝယ်၌ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။

၉။ လိမ္မာယဉ်ကျေးမှု ရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။

၁၀။ ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟု ထင်မှတ်၍ မာန်တက်တတ်၏။
သမုဒ္ဒရာကို မမြင်ဘူးသော ဖားငယ်သည် တွင်းငယ်ရေကို အများဟု ထင်မှတ်သကဲ့သို့တည်း။

၁၁။ ပထမအရွယ် ပညာရှာ၊
ဒုတိယအရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ။

၁၂။ အတတ်ပညာမရှိသူသည် သူတစ်ပါးဝန်ကို ထမ်းရ၏။
အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာရအောင် ကြိုးစားသင်ယူပါလော့။

၁၃။ မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရာ၏။
အတတ်ပညာကို မသင်ပေးခဲ့မူ ဟင်္သာတို့အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံ အလယ်၌ မတင့်မတယ်ဖြစ်ရာ၏။
အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့် မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရတတ်၏။

၁၄။ ဆူးကို အဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း၊
ရွှံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
သူ့သဘာဝအလျောက်သာ ဖြစ်ကြကုန်၏။
အမျိုးကောင်းသား အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူမရလည်း မိမိဘာသာကြိုးစား အားထုတ်ရာ၏။

၁၅။ အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား -
ထုံးမပါသောကွမ်း၊
ဆားမပါသောဟင်း၊
ဥစ္စာပစ္စည်းမရှိဘဲ ဝတ်စားတန်ဆာပလွှားမော်ကြွားဝတ်ဆင်ခြင်း၊
ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာဖွဲ့ဆိုခြင်းတို့ပေတည်း။

၁၆။ ကောင်းစွာနာကြား မှတ်သာခြင်းကြောင့် သုတနှင့် ပြည့်စုံရ၏။
သုတပညာဖြင့် ကြီးပွားတိုးတက်၏။

၁၇။ အိပ်ခြင်း၊ စားခြင်း၊ မေထုံမှီဝဲခြင်း အမှုတို့၌ နွားသည်လည်းကောင်း၊ လူသည်လည်းကောင်း ပြုတတ်ကြမြဲသာဖြစ်၏။
အတတ်ပညာသည် သာလျှင် နွားထက်လူကသာလွန်သောဂုဏ်ရည်ထူးပင်ဖြစ်ပေတော့သည်။

၁၈။ အတတ်ပညာနှင့်တူသော မိတ်ဆွေသည်မရှိ။
အနာရောဂါနှင့် တူသော ရန်သူသည်မရှိ။

၁၉။ ကျီးတို့၏ အလယ်၌ ရောနှောနေခြင်းဖြင့် ဟင်္သာမင်းအတွက် မတင့်တယ်။
နွားအုပ်အတွင်း ရောနှောနေခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
မြည်းအုပ်အတွင်း ရောနှောနေခြင်းဖြင့် သိန္ဓောမြင်းအတွက် မတင့်တယ်။
သူမိုက်တို့ အလယ်၌ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်းအတွက် မတင့်တယ်။

၂၀။ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်ငြားသော်လည်း သူတော်ကောင်း တရားကိုမသိချေ။
လျှာသည် ဟင်း၏ အရသာကိုသိသကဲ့သို့ လိမ္မာရေးခြား ရှိသူသည် ပညာရှိအားတစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။

၂၁။ လက်နက်မပါဘဲ စစ်မြေသို့မသွားရာ။
ကျမ်းဂန် အထောက်အထားမရှိဘဲ စကားမဆိုရာ။
အဖော်မပါဘဲ ခရီးဝေးမသွားရာ။

၂၂။ အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကိုပြောဆိုရာ၏။
ကိုယ်နှင့်လျောက်ပတ် သင့်မြတ်သော ချစ်အပ်သူကို ရှာရာ၏။

၂၃။ ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။

၂၄။ မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောဟောရာ။
မိမိဂုဏ်ကို ထုတ်ဖော်ဝါကြွားပလွှားခြင်းမပြုရာ။
(ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)

၂၅။ ရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်၏။
ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။

၂၆။ သမုဒ္ဒရာသည် ရေ၌မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

၂၇။ အဆင်းအရွယ်၌ ပြည့်စုံကြွယ်ဝ သူပင်ဖြစ်လင့်ကစား အတတ်ပညာမရှိလျှင် မတင့်တယ်၊ ရနံ့ကင်းသောပေါက်ပွင့်နှင့်တူ၏။

၂၈။ နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်း၊ အမတ် ဖြစ်နိုင်၏။
သူမိုက်၏သားပင်ဖြစ်လင့်ကစား ပညာရှိ ဖြစ်နိုင်၏။
ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။

၂၉။ အတတ်ပညာကို လိုသဖြင့် အထူးထူးအပြားပြားများစွာ သင်ယူသောတပည့်သည် အိပ်မက်ကို ပြန်မပြောတတ်သော သူ အ ကဲ့သို့ ထိုအတတ်ပညာကို ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။

၃၀။ အိုးလုပ်သူသည် အိုးကို ကွဲစေအောင်ရိုက်ခတ်ခြင်းမဟုတ်၊ လှပတင့်တယ် ကောင်းမွန်စေရန်သာ ရိုက်ခတ်ခြင်း ဖြစ်သည်။
ထိုနည်းတူစွာ ဆရာသည် တပည့်တို့ကို ထိခိုက်နစ်နာစေလို၍ ဆုံးမခြင်းမဟုတ်၊ အတတ်ပညာ အကျိုးစီးပွားရစေရန်သာ ဆုံးမခြင်း ဖြစ်၏။

၃၁။ တောင်ဇလပ်ပန်းကို ထုပ်သောပေါက်ဖက်သည် ထိုပန်း၏ ရနံ့ အတိုင်းပင် မွှေးကြိုင်၏။
ပညာရှိနှင့်ပေါင်းဖတ်သောသူတို့ကိုလည်း ထိုနည်းအတိုင်းပင် မှတ်အပ်၏။

၃၂။ ဟင်္သာတို့၏ အလယ်၌ ဗျိုင်းသည် မတင့်တယ်သကဲ့သို့ ပညာမရှိသူသည် လူပုံအလယ်၌ မတင့်တယ်။

0 comments: