Thursday, April 17, 2008

လောကနီတိ

အခန်း (၅)
ဣတ္ထိ ကဏ္ဍ

၈၂။ ဥဩငှက်တို့၏ အလှကား အသံ၊
မိန်းမတို့၏ အလှကား လင်ယောက်ျားကို မြတ်နိုးခြင်း၊
အရုပ်ဆိုးသူတို့၏ အလှကား အတတ်ပညာ၊
ရသေ့၊ ရဟန်းတို့၏ အလှကား သည်းခံခြင်း ပေတည်း။

၈၃။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း၊
ယောက်ျားတို့၏ ဥစ္စာကား အတတ်ပညာတည်း၊
ရဟန်းတို့၏ ဥစ္စာကား သီလတည်း၊
မင်းတို့၏ ဥစ္စာကား ရဲမက်ဗိုလ်ပါတည်း။

၈၄။ ရသေ့၊ ရဟန်းတို့သည် ကြုံလှီမှသာ တင့်တယ်၏။
ခြေလေးချောင်းရှိသော သတ္တဝါတို့သည် ဆူဖြိုးမှသာ တင့်တယ်၏။
ယောက်ျားတို့သည် အတတ်ပညာရှိမှသာ တင့်တယ်၏။
မိန်းမတို့သည် လင်ယောက်ျားရှိမှသာ တင့်တယ်၏။

၈၅။ တတ်လှစွာသော စောင်းသမားသည် စောင်းနှင့် ငါးရက် ကင်းကွာမူ စောင်းတီးကွက် ပျက်တတ်၏။
တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့် ဖောက်ပြားတတ်၏။
တပည့်တို့သည်ကား ဆရာနှင့် လခွဲမျှကင်းကွာမူ ပညာရည် ပျက်တတ်၏။

၈၆။ ကျွဲသည် ညွန်၌သာ မွေ့လျော်၏။
ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
မိန်းမသည် ယောက်ျား၌သာ မွေ့လျော်၏။
ရဟန်းသည် တရား၌သာ မွေ့လျော်၏။

၈၇။ ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှသာ ချီးမွမ်းရာ၏။
ကောက်နှံစပါးကို ကျီသို့ ရောက်မှ ချီးမွမ်းရာ၏။

၈၈။ နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
နှစ်ကျောင်း - သုံးကျောင်းပြောင်းသော ရဟန်း၊
နှစ်ကြိမ် - သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသော ငှက်၊
ဤသူတို့ကား မာယာများတတ်၏။

၈၉။ ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ် ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲ နေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
မကောင်းသော မယားကို ငွေကြေးဥစ္စာ မအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။

၉၀။ လရောင်မှ ကင်းသော ညသည် မတင့်တယ်။
လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
လင်မှ ကင်းသော သတို့သမီးသည် မတင့်တယ်။

၉၁။ လင်ယောက်ျားသည် စည်းစိမ်ဥစ္စာကို ရှာဖွေ တိုးပွားစေရာ၏။
မယားမူကား ရှာဖွေရရှိပြီးသော စည်းစိမ်ဥစ္စကို ကောင်းစွာစုဆောင်းသိုမှီး သုံးစွဲရာ၏။
အပ်သွားရာ အပ်ချည်ပါရသကဲ့သို့ တည်း။

၉၂။ ခပ်သိမ်းသော မြစ်တို့သည် ကောက်ကွေ့မြဲ ဖြစ်၏။
ခပ်သိမ်းသော တောတို့သည် သစ်ချည်းသာ ဖြစ်ကုန်၏။
မိန်းမတို့သည်လည်း ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုကု ပြုမြဲတည်း။

၉၃။ ငြင်းခုံတတ်သည့် အလေ့ရှိသော၊
ငြူစူစောင်းမြောင်း ပြောဆိုလေ့ရှိသော၊
မြင်မြင်သမျှကို လိုချင်တတ်မက်လေ့ရှိသော၊
များစွာချက်ပြုတ်၍ စားတတ်သော၊
လင်ယောက်ျားမစားမီ အဦးအဖျားစားတတ်သော၊
သူတစ်ပါး၏ အိမ်တှို သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင်
ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏။

၉၄။ အကြင်မိန်းမသည်
စားမှုဝတ်မှု တို့၌ မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊
မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှု ကိစ္စတို့၌ နှမကဲ့သို့ လွန်စွာ ရှက်တတ်လျှင်၊
လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်၊
ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်၊
အိပ်သောအခါ၌ မွေ့လျော်စေတတ်လျှင်၊
ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊
အမျက်ထွကသောအခါ၌ သည်းခံတတ်လျှင်၊
မိန်းမမြတ်ဟု ဆိုအပ်၏။

၉၅။ ယောက်ျားဘဝကို ရလိုသောမိန်းမသည် မိမိ၏ လင်ယောက်ျားကို ကောင်းမွန်ရိုသေစွာ လုပ်ကျွေးပြုစုရာ၏။

၉၆။ ယောက်ျားအဖြစ်ကို ဘဝတိုင်းဘဝတိုင်းရလိုသော အမျိုးကောင်းသားသည် ဆေးပြီးသော ခြေကို ရွှံ့ညွှန်မှ ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး သားမယားအပေါ် ပြစ်မှားလွန်ကျူးခြင်းမှ ရှောင်ကြဉ်ရာ၏။

၉၇။ အရွယ်လွန် အိုမင်းမည် ဖြစ်သော ယောက်ျားသည် မိမိထက်အရွယ် ငယ်လွန်းသော မိန်းမကို မယားအဖြစ် ဆောင်ယူခြင်းမပြုအပ်။
မိမိအပေါ် အလိုမပြည့်သည်၏ အဖြစ်ကြောင့် တစ်ပါးသော ယောက်ျားနှင့် လွန်ကျူးပျော်မွေ့မည်ကို အစဉ်အမြဲ စိုးရိမ်ကြောင့်ကြ ဝန်တို နေရတတ်၏။
ထို့ကြောင့် အရွယ်ငယ်သော မိန်းမငယ်ကို ပေါင်းသင်းခြင်းသည် အရွယ်လွန်ကဲ သက်ကျားအိုအဖို့ ပျက်စီးခြင်း၏ အကြောင်းတည်း။

=========== ဣတ္ထိ ကဏ္ဍ ပြီး၏။ ===========

0 comments: