Friday, April 4, 2008

ကြော်ငြာအတွေး

“ကွန်ပြူတာဆိုတာ ဝယ်လိုက်လို့ လက်ထဲရောက်ပြီးရင် အရှုံးပေါ်နေပြီလို့သာ မှတ်လိုက်တော့”တဲ့။
ဤသည်မှာ ကွန်ပျူတာလောက၏ ဆိုရိုးစကားဖြစ်ပါသည်။ တကယ်ကိုလည်းမှန်ပါပေသည်။ ကွန်ပျူတာအဆင့် (၁) ကို တစ်သိန်းပေးပြီး ဝယ်လိုက်သည်ဆိုပါစို့။ ဘာမျှမကြာလိုက် အဆင့် (၂) ထွက်လာပါလေတော့သည်။ ဘာမျှမကြာလိုက် ဆိုတာကို ရှင်းပြလုက်ရပါဦးမည်။ တစ်ခါတရံ(၃) လလောက်ပဲ ကြာလိုက်သည်။ အလွန်ဆုံး (၆)လ လောက်ပဲ ကြာသည်ဟု ကျွန်တော်ထင်မိသည်။ ဈေးကလော့ တစ်သိန်းနှစ်သိန်းလောက် ဖြစ်ကောင်းဖြစ်မည်ပေါ့။ ဆိုလိုသည်က အဆင့်(၁) ပေါ်စကထက် နည်းနည်း သီသီကလေးပဲများသည်။ သို့သော် စွမ်းရည်ကတော့ မက်လောက်အောင် ပိုပြီး ထက်မြက်လာသည်။ ဒီအချိန်မှာ မိမိလက်ထဲ ရောက်နေသော ကွန်ပျူတာအဆင့် (၁) ကို ပြန်ရောင်းမည်ဆိုပါလျှင် ငါးသောင်းလောက်တောင် ပေးမည့်သူမရှိတော့။

နောက်ထပ် သုံးလလောက်ရှိတော့ အဆင့်(၃) ထွက်လာပြန်လေတော့သည်။ ဈေးကတော့ တစ်သိန်းခွဲလောက် ဖြစ်ကောင်းဖြစ်မည်။ စွမ်းရည်ကလည်း ပိုလို့ ထက်လာပြန်တော့သည်။ အဆင့် (၂) ဝယ်ထားသူလည်း ရှုံးသွားပြန်ပါလေပြီ။ အဆင့်(၁) သမားကိုတော့ စကားထဲထည့်ပြောဖို့တောင် မလိုတော့ပြီ။ ဒီလိုနှင့် နောက်သုံးလေးလကြာပြန်တော့ အဆင့် (၄) က ထွက်လာလိုက်ပြန်သည်။ စွမ်းရည်ကလည်း ပိုလို့ကောင်းလာပြန်သည်။ ဈေးနှစ်သိန်းနီးပါး ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် တစ်သိန်းခွဲလောက်သာ ဖြစ်ကောင်းဖြစ်နေမည်။ ဒီလိုနှင့် အဆင့် (၅) ထွက်လာလိုက်တော့ စွမ်းရည်က ဝုန်းဝုန်းဒိုင်းဒိုင်း ပြောင်းလဲတိုးတက်သွားသည်။ ယခင်အဆင့်တွေနှင့် ဘာမျှမဆိုင်တော့။ ကွန်ပျူတာကိုယ်တိုင်က ပြောင်းလဲသွားသလို သူနှင့် တွဲဘက်ပစ္စည်းတွေကလည်း ပြောင်းလဲသွားသည်။ ထိုထိုသော အရံပစ္စည်းလေးတွေကို ရှေ့ပိုင်းက အဆင့်တစ်-နှစ်-သုံး-လေး ဆိုတာတွေက ကိုင်တွယ်နိုင်စွမ်းမရှိတော့ပြီ။ ဒီတော့ အဆင့် (၁) ကွန်ပျူတာကိုင်ထားသူက အဆင့်(၅)ကို တက်ဝယ်ရတော့မည်။ မဝယ်လို့လည်း မဖြစ်တော့ သူ့လက်ထဲက ကွန်ပျူတာ လက်နှိပ်စက် သာသာ လောက်ကိုပဲ ဖြစ်နေပြီကိုး။

ဤသို့အားဖြင့် ကွန်ပျူတာလုပ်ငန်း လုပ်နေသူများမှာ မြစ်ကို အလျားလိုက် ကူးနေသကဲ့သို့ ဖြစ်နေတော့သည်။

ဝင်ငွေလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြသော သူတို့အဖို့ အကြောင်းမဟုတ်။ ဝါသနာအရူးထသူများ အတွက်ကတော့ အဂ္ဂိရတ် ဝါသနာအိုးများကဲသို့ ဖြစ်နေလေတော့သည်။

ဤသို့သောပညာရပ်သစ်များကို ဝါသနာရူးနေသူများမှာ လူမမြင်၊ သူမမြင် တစ်ပုံတစ်ပင်ကြီးရှိသည်။ ပညာရပ်ဆိုသည်ကလည်း ကွန်ပျူတာပညာတစ်မျိုးထဲမှ မဟုတ်ပါပဲကလား၊ ဓာတ်ပုံပညာ၊ ရုပ်ရှင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ စသည်…စသည်ဖြင့် ပညာရပ်တွေစုံလင်လှသည်။ ထို့ပြင် နောက်တစ်ခုတိုးလိုလိုက်သည်က ဘယ်ပညာမဆို ကွန်ပျူတာနှင့် ဆက်စပ် လာနေပြန်တော့သည်။ ဒီတော့ အဲဒီပညာတွေကို “ရှာပေဦးတော့ ထမင်းထုတ်ကြီးနဲ့ … လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်” ဆိုသော မြို့မဆရာငြိမ်း၏ သီချင်းကို ဟစ်လိုက်ရမလိုလိုဖြစ်လာလေတော့သည်။

သူတို့နည်းတူ အသစ်အသစ်ထွင်သမျှနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေရရှာသော သူများလည်း ရှိနေသေးသည်။ သို့သော် သူတို့လိုက်နေကြသည်က အသိပညာလမ်း၊ အတတ်ပညာလမ်းမဟုတ်၊ စက္ကန့်မလပ် တရစပ်အသစ် အသစ်တွေ တိုးနေသော လူသုံးပစ္စည်းများနောက်သို့သာဖြစ်သည်။ အထူးသဖြင့် အဝတ်အစား စသော အသုံးအဆောင်များနောက်သို့ အငမ်းမရလိုက်နေကြသည်။ မိန်းကလေးများက ပိုလို့ တပ်မက်ကြသည်ကိုလည်း အထူးပြောစရာမရှိတော့။ထွက်လိုက်သည့် လစဉ်ထုတ်၊ အပတ်စဉ်ထုတ်စာစောင်များကို လှန်ကြည့်လိုက်လျှင်လည်း ကြော်ငြာက တစ်ဝက်ကျော်လိမ့်ဦးမည်။ တစ်ချို့စာစောင်များကတော့ ကြော်ငြာသက်သက်မျှသာဖြစ်သည်။ ထိုကြော်ငြာများကို ကြည့်လိုက်လျှင်လည်း မိန်းကလေး အလှပြင်အသုံးအဆောင်များက ထက်ဝက်ကျော်ကျော် နေရာယူထားသည်ကို တွေ့ရမည်ဖြစ်သည်။ အမှတ်မထင် စတိုးဆိုင်ကြီးတွေကို ရောက်သွားလိုက်လို့ ထိုထိုသော ပစ္စည်းများ၏ ဈေးနှုန်းကို လှန်ကြည့်လိုက်လျှင် ကြောက်ခမန်းလန့်ခမန်းဟု ဆိုလောက်သည်။ ဒါက ကျွန်တော်တို့လို သာမန်ဝင်ငွေသမားများအတွက် ပြောလိုက်မိခြင်းပါ။ မတရားချမ်းသာသူများကတော့ ကလေး မုန့်ဖိုးလောက်သာ ဖြစ်ကောင်းဖြစ်နေမည်ပေါ့။

ဒီလိုအဖိုးတန် လူသုံးကုန် အလှကုန်ပစ္စသည်းတွေကို မိန်းကလေးတွေ သုံးစွဲချင်လာအောင်လည်း ကြော်ငြာလိုက်ကြရသေးသည်။ ထိုထိုသော အဝတ်အစားတွေကို ဝတ်ပြလိုက်၊ ပြုံးပြလိုက် ကိုယ်ဟန်ပြလိုက် လုပ်ရသော ကိုယ်ဟန်ပြလုပ်ငန်းသည်ပင် လူငယ်လူရွယ်တို့ တမက်မောမော ဖြစ်နေသော လုပ်ငန်းကြီး ဖြစ်နေပါလေပြီ။ ကုန်စည်ဟူသမျှ၏ အသက်သည်လည်း ကြော်ငြာပေါ်တွင် တည်လာလေပြီလားမသိ၊ ကျားဝတ်လုံချည် ကြော်ငြာများကိုပင်လျှင် မျက်စိနောက်အောင်မြင်နေပြီး၊ နားညည်းအောင်ကြားနေရသည်။ သည်လိုကြော်ငြာများကိုလည်း အလကားကြော်ငြာချင်လို့ ရနိုင်သည်မဟုတ်၊ ငွေပင်ငွေရင်း သောက်သောက်လဲ အကုန်ခံနိုင်မှ ကြော်ငြာကောင်းကောင်း ဖြစ်နိုင်သည်။ သည်စရိတ်တွေကို ကုန်စည်ပေါ်တင်လိုက်ပြန်တော့ ဝယ်သူက ကြော်ငြာခကိုပါ ပေးလိုက်ရသည့် သဘော ဖြစ်လာပြန်တော့သည်။ သို့သော် မတတ်နိုင်ကြတော့ပြီ။ ဒီလိုသံသရာကြီးထဲတွင် လည်လာမိခဲ့လေပြီ ဖြစ်သောကြောင့် ပြန်ထွက်ချင်လို့ မရနိုင်တော့ပြီ။

အထည်စက်ရုံတွေကလည်း တစ်မျိုးပြီး တစ်မျိုးမရိုးနိုင်အောင် အထည်စ အဝတ်စတွေ ထုတ်ရပေလိမ့်မည်။ နောက်တစ်ဆင့် အဆင်ဆန်းဆန်းတွေကို ဒီဇိုင်းထုတ်ရဦးမည်။ နောက်ပြီးတော့ အင်္ကျီပုံဆန်းဆန်းလေးတွေ ထွင်ရဦးမည်။ နောက်ပြီးတော့ မိန်းကလေး ချောချောလှလှတွေကို အဝတ်ခိုင်းပြီး ကြော်ငြာအမျိုးမျိုးကို လုပ်ရဦးမည်။ သည်တော့မှ ကုန်ပစ္စည်းအရောင်းရတွင်ကျယ်မည် မဟုတ်ပါလား။ ထိုကဲ့သို့မှ မရောင်းရလျှင် စက်ရုံကြီးများကို ပိတ်ပစ်လိုက်ဖို့သာ ရှိတော့သည် မဟုတ်ပါလား။ အလုပ်လက်မဲ့တွေပေါ်လာပေဦးတော့မည်။ စာဖတ်သူတစ်ခုစဉ်းစားကြည်စေချင်ပါသည်။ ယခုခေတ်ပေါ်လာသော အဝတ်စ အထည်စများသည် ရှေးခေတ်က သာမန်ချည်ထည် ပိုးထည်များကဲ့သို့မဟုတ်၊ အလွန်ကို ခိုင်ခံ့သည်။ တက်ထရက်လို အစများဆိုလျှင် အမြင်ကတ်လောက်အောင် ခိုင်မာသောကြောင့် မုန်းနေအောင်ကို ဝတ်ရသည်။ ထိုသို့သော အဝတ်စမျိုးကို ၅ စုံလောက်ချုပ်ထားလိုက်မည် ဆိုလျှင် အနည်းဆုံး ၂ နှစ်လောက် နောက်ထပ်မဝယ်ဘဲ ဝတ်နိုင်လောက်မည်ဟု ထင်မိသည်။ သို့သော ထိုကဲ့သို့ ၂နှစ်လောက်မဝယ်ဘဲ နေလိုက်ကြလျှင် ထိုစက်ရုံကြီးများကို ပိတ်ပစ်လိုက်ရတော့မည်သာဖြစ်သည်။ ဒီတော့ သူတို့စက်ရုံတွေကလည်း ကိုယ့်မှာ အဝတ်အစားတွေရှိပါလျက်နှင့် ထပ်ကာထပ်ကာ ဝယ်ချင်နေအောင် နည်းအမျိုးမျိုးဖြားယောင်းကြရသည်သာ။ သူတို့က ဖြားယောင်းလိုက်ကြတော့ ကျွန်တော်တို့ကလည်း ကောက်ကောက်ပါအောင် လိုက်သွားကြတော့သည်သာ။ ဤသို့ဖြင့် အလုပ်သမားတွေက တကယ်မလိုအပ်သော ပစ္စည်းတွေကို ဆက်လက်ထုတ်လုပ်နေကြရပြန်သည်။

အိမ်တစ်အိမ်၊ မိသားစုတစ်ခုတွင် သမီးတစ်ယောက်က အဝတ်အစားတွေ တစ်ပုံကြီးရှိနေပါလျက် အသစ်ပေါ်တ်ုင်း ဝယ်ချင်နေလျှင် အဝတ်အစားလော်လီသည်ဟု ဆိုကြသည် မဟုတ်လား၊ (ကျွန်တော့်ကို အတွေးခေါင်သည်ဟု ဆိုချင်လျှင်လည်း ဆိုကြပါတော့။) ကျွန်တော်လို့ လူသားများသည် အဝတ်အစားမှစ၍ အဘက်ဘက်တွင် လော်လီနေကြပြီဟု ထင်နေမိသည်။ မလိုအပ်သော ဖြုန်းတီးမှုတွေကို အတော်ကြီးလုပ်နေကြသည်ဟု ထင်မိပါသည်။

ကျွန်တော် မကြာခဏ သိရနေမိတာလေးတစ်ခုကို ပြောလိုက်ရပါဦးမည်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀) လောက်က ဂျာမန်ကျောင်းသားတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခဲ့ဖူးသည်။ တစ်နေ့တွင် ဘတ်စ်ကားစီးပြီးသွားကြတော့ သူက ဘတ်စ်ကားဒရိုင်ဘာ၏ လက်ကို မျက်စိမခွာနိုင်အောင် တအံ့အသြ ကြည့်နေသည်။ ကားက ဗွီအိတ်လို့ခေါ်ကြသည့် စစ်သုံးခေါင်းတို ကားကြီးဖြစ်သည်။ စာဖတ်သူတို့လည်း သတိထားမိပါလိမ့်မည်။ ဂီယာထိုးလိုက်လျှင် ဂီထာပြန်ပြုတ်တတ်သောကြောင့် ပျဉ်စကလေးနှင့် ထောက်ထားရသည်။ ဂီယာပြောင်းချင်လျှင်လည်း ထိုပျဉ်ချပ်ကလေးကို လက်နှင့် ဆွဲဖြုတ် ဂီယာပြောင်း ၊ ဒါတွေကို မျက်စေ့ဖြင့် ကြည့်နေသည်မဟုတ်၊ လက်က အလိုလို ကျွမ်းကျင်စွာပြုလုပ်နေသည်ဆိုတော့ ဇာထိုးကျွမ်းသော မိန်းကလေးတစ်ယောက်လက်ကို ကြည့်နေရဘိသကဲ့သို့ သူက အံ့သြနေဟန်ရှိသည်။

ကားပေါ်ကဆင်းလာတော့ သူက

“မင်းတို့မြန်မာ ဒရိုင်ဘာတွေဟာ သိပ်တော်ကြတာပဲ”
“မင်းက ဂီယာထိုးလိုက်၊ ပျဉ်ချပ်နဲ့ ကျွမ်းကျင်စွာထောက်ထားလိုက် လုပ်နေတာကို သဘောကျတာလား”
“အေး - အဲ့ဒါလဲပါတယ်။ ဒီထက်ပိုပြီး အံ့သြတာက၊ သိပ်ပြီးသည်းခံ စိတ်ရှည်တာပဲ”
“ဟုတ်လား… ဘယ်လိုစိတ်ရှည်တာလဲ”
“ဒီလိုဖြစ်နေတဲ့ ဂီယာကို စိတ်ရှည်လက်ရှည် သည်းခံပြီး သုံးနေတာကို ပြောတာ”

ကျွန်တော့်အဖို့တော့ ဒီလိုမြင်ကွင်းမှာ ဆန်းလှသည်မဟုတ်၊ သို့သော်သူ့အဖို့ဆန်းကောင်း ဆန်းနေပေလိမ့်မည် ဟု အောက်မေ့လိုက်ပါသည်။ သို့သော် သူက တွေးတွေးဆဆ ဆက်ပြောပါသည်။

“ငါတို့တိုင်းပြည်က ကားသမားတွေဟာ ဘယ်တော့မှ ဒီလောက်သည်းမခံဘူး၊ စိတ်မရှည်ဘူး၊ နည်းနည်းလောက် ကလေး ချွတ်ယွင်းသွားလိုက်ရင်၊ အသံကလေးမြည်လာလိုက်ရင် မမောင်းချင်တော့ဘူး။ အင်ဂျင်အသစ်၊ ပစ္စည်းအသစ်ကို ကောက်တပ်လိုက်တော့တာပဲ။ တကယ်လို့မင်းတို့လို တိုင်းပြည်က ကားသမားတွေလိုသာ စိတ်ရှည်သည်းခံလိုက်မယ်ဆိုရင် မင်းစဉ်းစားကြည့်၊ ငါတို့ ဗောက်စ်ဝက်ဂွန်တွေ ပြည်ပကို ဘယ်လောက်များပိုပြီး ပို့လိုက်နိုင်မလဲ။ ဒီလိုဆိုရင် ပြည်တွင်းချွေတာမှုကြောင့် ငါတို့တိုင်းပြည် ဘယ်လောက်ပိုပြီး ချမ်းသာလိုက်မလဲ။ ဘာဘဲပြောပြော မင်းတို့တိုင်းပြည်က ကားသမားတွေလို စိတ်ရှည်သည်းခံတာကို တကယ်ကို ချီးကျူးဖို့ကောင်းလိုက်တာ အမှန်ပါပဲ”

ကိုင်း- စဉ်းစားသာကြည့်ပါတော့၊ ကျွန်တော်က ဒီလိုအမြင်မျိုး ဘယ်လိုလုပ်ပြီ ရနိုင်ပါမည်နည်း။ တစ်ခါမျှ ငွေရေး ကြေးရေး၊ စီးပွားရေးကို စိတ်မဝင်စားခဲ့လေတော့ ဒီလိုအတွေမျိုးကို ယောင်လို့တောင် မတွေးမိစဖူး။

သို့သော်လည်း သူ့ကျေးဇူးကြီးပါပေသည်။ ယခုတော့ဖြင့် ကျွန်တော်လို့ ကမ္ဘာသူကမ္ဘာသားတေါ လုပ်နေတာအဟုတ်မှ ဟုတ်ကြပါလေရဲ့လားဟု စဉ်းစားမိနေတော့သည်။ (ကျွန်တော် အတွေးခေါင်နေလျှင် သည်းခံပါဟု အစောကြီးက စကားခံထားခဲ့သည်ကို သတိရစေချင်ပါသည်)ကျွန်တော်တို့အားလုံး အဘက်ဘက်တွင် လော်လီနေမိကြပြီဟု ထင်ပါသည်။ မလိုတာတွေကို အကျယ်ချဲ့ပြီး အလုပ်ကြီးတစ်ခု လုပ်နေကြတာ များလွန်းနေပြီဟု ကျွန်တော်ထင်နေမိသည်။ ကမ္ဘာမြေကြီးက ထုတ်ဖော်ပေးလိုက်သည့် ပစ္စည်းတွေကို အလွဲသုံးစားလုပ်လွန်းတာများနေပြီး၊ အသုံးအစွဲ လော်လီလွန်းနေပြီဟု ကျွန်တော် ထင်နေမိသည်။ ထို့ပြင်လူတို့၏ လုပ်အား စွမ်းရည်ကိုလည်း အရေးမပါသည့် နေရာတို့တွင် သုံးနေကြသည်မှာ တရားလွန်လာနေပြီဟု ထင်မိသည်။ သားသမီးများ မဟုတ်သည့်နေရာတွင် လော်လီများလတ်သော် မိဘက အပြစ်ပေးဒဏ်ခတ် ဆုံးမသကဲ့သို့ သဘာဝကြီးက တစ်နည်းနည်း ဒဏ်ခတ်တော့မည်ဟု ကျွန်တော်ထင်နေမိသည်။ လာမည့်မကြာမီသောကာလတွင် ကျွန်တော်တို့လူသားတွေသည် သဘာဝပစ္စည်းတွေ အလဟဿမဖြစ်ရေး၊ လူတို့စွမ်းရည် လုပ်အား မဖြုန်းတီးရေး စသည့်တို့ကို ဝိုင်းဝန်းစဉ်းစားကြရသော အခြေအနေသို့ ရောက်လာကြတော့မည်ဟု ထင်သည်။

ရေးနေရင်း ရှက်လည်းရှက်ပါရဲ့၊ ရေးသာရေးနေရသည် ဆင်ခေါင်းခွေးချီသလို ဖြစ်နေကြောင်း ကျွန်တော်သိနေပါသည်။ သို့သော် ထိုထိုသော လူသူံးအပိုပစ္စည်း ကြော်ငြာတွေကို တွေ့လိုက်တိုင်း ဒီအတွေးက တားမရ ဆီးမရ ပေါ်ပေါက်လာနေတတ်သောကြောင့် ရေးလိုက်ရခြင်းဖြစ်ပါသည်။

တခြား လူသားပြဿနာတွေ၊ ကမ္ဘာပြဿနာတွေကို ပညာကြီးသူများက စဉ်းစားကြလိမ့်မည်။ ကျွန်တော်တို့လက်ငင်း စဉ်းစားကြသင့်သည်ကတော့ ကြော်ငြာတွေကောင်းတိုင်း၊ ပစ္စည်းလှတိုင်း အပိုပစ္စည်းတွေကို တရစပ်ဝယ်ရန် ကြိုးစားနေလျှင်တော့ ပိုက်ဆံရှာလို့ကို လောက်နိုင်မည်မဟုတ်။ မလောက်နိုင်တော့ မဟုတ်တမ်းတရားနည်းနှင့် ရှာလာမိကြလိမ့်မည်။ ထိုသို့ ဖြစ်လာလိုက်လျှင်တော့ အဝတ်အစားက တောက်ပြောင်ပါ၏။ အတွင်းစရိုက်က မှောင်မည်းမွဲတေနေလေပြီ။ မိတ်ကပ် ပေါင်ဒါတွေက မွှေးပါ၏။ အတွင်းစရိုက်က ပုပ်အဲ့နေလေပြီ။ အထူးသဖြင့် အလှမက်သော လုလင်များ လုံမငယ်များသည် ကြော်ငြာအန္တရာယ်ကို သတိကြီးစွာ ထားနိုင်ကြပါစေသတည်းဟု ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

(ဝန်ခံချက်။ ။ ဆရာအောင်သင်း ရေးသားသော အနာဂတ်ကိုမကြောက်နဲ့ အမည်ရှိစာအုပ်မှ ထုတ်နှုတ်၍ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။)

0 comments: