Friday, December 7, 2007

စိတ်နှလုံး ရွှင်လန်းစေဖို့

ဒီနေ့ ဆရာတော် ဦးဇောတိက ရေးသားပြုစုတဲ့ စာအုပ်လေးကို ဖတ်ရပါတယ်။ စာအုပ်ရဲ့နာမည်က ခေါင်းစဉ်အတိုင်းပဲ ဖြစ်ပါတယ်။ စိတ်နဲ့ပတ်သတ်တဲ့ ခံစားမှုများကို အဓိက ရေးသား ပြုစုထားပါတယ်။ အဲ့ဒီလို ခံစားရတဲ့ အချိန်တွေမှာ စိတ်နေစိတ်ထားကို ခံယူတတ်အောင် သဘောတရားများနဲ့ ရှင်းလင်းစွာ တင်ပြ ထားပါတယ်။ မိမိကိုယ်ကို ဘယ်လိုစိတ်ထားမျိုးနဲ့ ဘဝမှာ ရပ်တည် ရှင်သန်နေသလဲ ဆိုတာကို စဉ်းစား ဆင်ခြင်နိုင်အောင်လို့ ရေးသားထားပါတယ်။ စာအုပ်လေးရဲ့ အနှစ်ချုပ်ကို စာအုပ်ရဲ့နောက်ဖက် ကျောဖုံးမှာ ရေးသား တင်ပြထားပါတယ်။

အလုပ်တွေနဲ့ပင်ပန်းပြီး စိတ်တွေ မွန်းကျပ်နေချိန်တွေမှာ ကိုယ်လုပ်တဲ့ အလုပ်တွေ မအောင်မြင်ဘဲ စိတ်ဓာတ်ကျနေချိန်တွေမှာ ဖတ်ရှုသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။ မှတ်သားစရာ များစွာပါရှိပြီး လိုက်နာ ကျင့်သုံးသင့်တဲ့ လက်ကိုင် ထားရှိသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။
စာအုပ်လေးရဲ့အနှစ်ချုပ်ကို ရေးသားပြီး စာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်.....။

  • ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လို ထင်တယ်ဆိုတာကို ကြောင့်ကျစိုက်နေဖို့ မလိုဘူး။
  • ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုစိုက်မနေဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။
  • သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ ဖော်ပြနေတာနဲ့တူတယ်။
  • တကယ်ကြီးကျယ်တဲ့၊ ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံး သုံးရတဲ့အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
  • ကိုယ့်ဟာကို စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
  • စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
  • ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘဝကို ရောင်းစားတာနဲ့ တူတယ်။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ထားနဲ့ အရည်အချင်းကို ဖေါ်ပြနိုင်ရမယ်။

0 comments: